(ICD)ဆိုတာ ထိန်းချုပ်မရတဲ့ စိတ်ရဲ့ ခိုင်းစေမှုကြောင့် မိမိကိုယ်တိုင် သို့မဟုတ် အခြားသူများအတွက် ထိခိုက်မှုများကို ဖြစ်စေနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ခေါ်ဆိုပါတယ်။
ICDs ရှိတဲ့သူ အများစုဟာ…
တစ်ခုခုကို မပြုလုပ်မီမှာ ပြင်းထန်သော စိတ်ဖိစီးမှု (tension) သို့မဟုတ် စိတ်မတည်ဖြစ်မှုကို ခံစားရပြီး ၎င်းအပြုအမူကို ပြုလုပ်ပြီးချိန်မှာတော့ စိတ်သက်သာရာရမှု (relief) သို့မဟုတ် စိတ်ကျေနပ်မှု (gratification) ခံစားရနိုင်ပါတယ်။
သို့သော်လည်း သူတို့ပြုမူလိုက်တဲ့ အပြုအမူကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများအနေနဲ့ နောင်တ ရတာ၊ မိမိကိုယ်ကို အပြစ်တင်မိတာ၊ ရှက်တာ စသဖြင့် အနုတ်လက္ခဏာများကို ထပ်မံခံစားရပြန်တယ်။
ICDs အုပ်စုထဲက ၃ မျိုးကို ရေးပေးလိုက်ပါတယ်နော်။
1. Kleptomania
Kleptomania ရှိတဲ့သူက မိမိအတွက် မလိုအပ်သော်လည်း ပစ္စည်းများကိုမြင်လျှင် ခိုးယူချင်စိတ်ဖြစ်ပေါ်လာ၍ ခိုးယူမိတဲ့ စိတ်ပိုင်းဆိုင်ရာ စေ့စော်မှုပြဿနာ ရှိခြင်းကို ဆိုလိုပါတယ်။
ပိုက်ဆံ ဒါမှမဟုတ် ပစ္စည်းများကို မြင်လျှင် ခိုးယူချင်စိတ် တိမ်းညွှတ်လာ၍ မခိုးရရင် မနေနိုင်သည်အထိ စိတ်ထိန်းမရဖြစ်လာကာ ခိုးယူမိသည်အထိ လုပ်မိသွားနိုင်တယ်။
ထိုလူက မခိုးမယူမိချင်း စိတ်ထဲတွင် တင်းကြပ်မှုများ ခံစားလာရ၍ ခိုးယူပြီးသွားပါက စိတ်သက်သာရာရမှုနှင့် အားရကျေနပ်မှုကို ခံစားရနိုင်ပါတယ်။
2. Pyromania
Pyromania ရှိတဲ့သူက ဘာအကြောင်းပြချက်မှ မရှိဘဲ “မီးရှို့ချင်စိတ်” ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်ပါတယ်။
ထိုလူ မီးရှို့ချင်တာက တစ်စုံတစ်ယောက်ကို မုန်းလို့၊ ရန်ငြိုးရှိလို့ စသဖြင့် အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ မီးရှို့ချင်စိတ် ဖြစ်လာတဲ့အချိန် မီးရှို့ခြင်း ဖြစ်ပါတယ်။
မီးရှို့ပြီးပါက မီးလောင်မှုကို နီးကပ်စွာ ကြည့်ရှုရင်း အားရကျေနပ်မှု နှင့် စိတ်ပျော်ရွှင်မှုကို ခံစားရနိုင်ပါတယ်။
မီးရှို့နေချိန်တွင်လည်း မိမိကိုယ်တိုင်က မီးထဲ ပါသွားမှာကိုတောင် ဂရုမစိုက်နိုင်ဘဲ အစွမ်းကုန် မီးရှို့ချင်စိတ်သက်သက်ဖြင့် အားရကျေနပ်စွာ မီးရှို့ နေခြင်း ဖြစ်ပါတယ်။
3. Compulsive Gambling (Pathological Gambling) ဆိုတာ လောင်းကစား မလုပ်ရရင်မနေနိုင် တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိခြင်းဖြစ်ပါတယ်။
ဒီလို စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိသူက လောင်ကစား လုပ်ချင်တဲ့စိတ်ကို မထိန်းချုပ်နိုင်သောကြောင့် မိမိဝင်ငွေများကို အကုန်လောင်းကစားအတွက်သာ အသုံးပြုပစ်ခြင်း၊ ရှိသမျှပစ္စည်း အကုန် ပါသွားအောင် အထိတိုင်အောင် လုပ်ကစားကို လုပ်ခြင်းကို မရပ်တန့်နိုင်ခြင်း၊ လုပ်ကစားမလုပ်ရရင် စားမဝင် အိပ်မပျော် ဖြစ်လာခြင်း၊ လုပ်ကစားလုပ်လိုက်ရမှာ စိတ်ကျေနပ်မှုကို ပြန်ပြီး ခံစားရစေနိုင်တယ်။
ဒါကြောင့် ထိုလူတွေက လောင်ကစားကြောင့် မိသားစုပြဿနာ ၊ လူမူရေးပြသနာများ ကြုံရရင်တောင် ၎င်းကို ရပ်တန့်ရန် ကြိုးစား၍ မရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာရှိတဲ့သူတွေ ဖြစ်ပါတယ်။
ဒီလိုပြဿနာတွေက စိတ်ပိုင်းဆိုင်ရာပြဿနာ၊ ရောဂါဟုတ်မဟုတ် ကျွမ်းကျင်တဲ့ စိတ်ပညာရှင်၊ စိတ်ကျန်းမာရေးဆရာဝန်က အချိန်ယူ စစ်ဆေးပြီး ဆုံးဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်ရှင်။
Impulse-Control Disorders တွေမှာ စေ့ဆော်ခြင်းသက်သက်ကြောင့်သာ ဒီလိုအပြုအမူတွေ ပြုလုပ်မိခြင်းဖြစ်တယ်နော်။
ဒီလူတွေက ကုသတဲ့အခါ ဆေးဝါးအပြင် psychotherapy ကုထုံးနဲ့ပါ တွဲပြီး ကုသဖို့ လိုအပ်ပါမယ်ရှင့်။
