အရင်တစ်ခေါက်တုန်းက တော့ ကျွန်တော့်အနေနဲ့စွန့်ဦးတီထွင် မှ အောင်မြင် နိုင်မှာ မဟုတ်ဘူး ဆိုတဲ့ အကြောင်း ကို Second-Mover Advantage ဆိုပြီး မျှဝေပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ကိုယ်က ဈေးကွက်ထဲ မှာ အသစ်အဆန်း တစ်ခုခု စတင် လိုက် လို့အောင်မြင် စပြုတာနဲ့နောက်က နေ အင်အား အပြည့် လိုက်လုပ်တတ်ကြတဲ့ Second Mover တွေ ပေါ်ပေါက် မလာအောင် ဘယ်လို လုပ်သင့်တယ်ဆိုတာကို မျှဝေ သွားမှာ ဖြစ်ပါတယ်။
အကြံတူ နောက် လူ သာစမြဲ ဆိုတဲ့ စကားပုံလိုပါပဲ။ ကိုယ့်မှာ အိုင်ဒီယာ ကောင်းကောင်း လေး တစ်ခု လောက် စရလို့ စတင်လိုက်ရုံ ရှိသေးတယ် ကိုယ့်ထက် ပိုအကွက် မြင်တဲ့ သူ ဒါမှမဟုတ် ငွေအင်အား တတ်နိုင်သူတွေက ဝိုင်း ပြီး နောက်က လိုက်လုပ် လိုက်ကြတာနဲ့ကိုယ့်အတွက် အကျိုး ရှိသင့်သလောက် မရှိပဲ လက်မှိုင်ချရတဲ့ အဖြစ်မျိုး တွေ ဟာ ယနေ့လို အပြိုင်အဆိုင်များလှတဲ့ စီးပွားရေး လောကမှာ ပို ပိုပြီး များ လာ လေ့ရှိပါတယ်။
ဈေးကွက် အတွင်းမှာ ပေါက်သွားမယ့် လူကြိုက်များမယ့် Product or service တစ်ခုခုကို ပထမဆုံး စတင်နိုင်တဲ့ သူတွေကို First Mover လို့ခေါ်လေ့ရှိသလို သူတို့အတွက်ကလဲ ပြိုင်ဖက် မရှိပဲ ဈေးကွက်ကို သိမ်းပိုက်နိုင်တဲ့ First-Mover Advantage ဆိုတဲ့ အရင် လုပ်ရှား မှုအကျိုး ကိုခံစားနိုင်ပါတယ်။ ဒါပေမယ့် အပြိုင်အဆိုင်တွေ က အောင်မြင်ဖို့ Potential ရှိလေလေ များ လေလေ ဖြစ်တတ်တာ သဘာဝပါပဲ။
ဒီတော့ အကြံ တူတဲ့ နောက်လူ တွေ သာ မသွားနိုင် အောင် First Mover တွေ အနေနဲ့က ဒီအချက်လေး တွေ လုပ်ဆောင်သင့်ပါတယ်။
(၁) Value Added နဲ့Differentiation တွေလုပ်ပါ။
ဥပမာ မိတ်ဆွေ ရဲ့အနီးအနားက ဈေးထဲမှာ သဘာဝ Organic နာနတ် သီးတွေ ရောင်းချတာ မရှိလို့ကိုယ်အနေနဲ့ပထမဆုံး အဖြစ် Organic နာနတ်သီး ချိုချို တွေကို အခြား သာမန် နာနတ် သီး သည်တွေ နဲ့ယှဉ်ပြိုင်ရောင်း ချ တာထက် value added ဆိုတဲ့ တန်ဖိုးတွေ ထပ်ပေါင်းခြင်း အပြင် အခြားသူတွေ လဲအလွယ်တကူလိုက်မတုနိုင်လောက် တဲ့ Differentiation နည်း တစ်ခုခု ကိုပါ ပေါင်းပြီး သုံး တာက ပိုပြီး ကောင်းနိုင်ပါတယ်။ ဥပမာ နာနတ်သီး ရေခဲမုန့်လို မျိုးပေါ့။ အရင်း အနှီး အနည်းငယ်လောက်တော့ ပိုသုံးရမှာ ဖြစ်ပေမယ့် ဒီ နာနတ်သီး ရေခဲမုန့်ဟာ ရှိပြီးသား နာနတ်သီး သည်တွေ နဲ့လဲ လုရောင်းစရာမလို သလို Organic နာနတ်သီး ရောင်းတာ အောင်မြင်လို့ ကိုယ့်လို အလွယ်တကူ လိုက်ရောင်းမယ့်Second Mover တွေ ရန်ကလဲ ကင်းလွတ်ပါတယ်။ ရေခဲမုန့်လုပ်နည်းမှာ ကိုယ်ပိုင် ingredient ပါဝင်ပစ္စည်းတွေ နဲ့အရသာပိုကောင်း ပိုထူးခြားလေလေ နောက်က လိုက်တုလုပ် ဖို့ခက်ခဲလေ ဖြစ်မှာပါပဲ။
ဥပမာပြောရရင် KFC ကြက်ကြော် ရဲ့ကမ္ဘာကျော်ရခြင်း အကြောင်းအရင်း ဟာ သူ့ရဲ့Secret Recipes ဆိုတဲ့ ကိုယ်ပိုင် အထူး တီထွင်ထားတဲ့ ပါဝင် ပစ္စည်း နဲ့ ကြက်ကြော်နည်း ကြောင့် ဖြစ် ပါတယ်။ ကြက်သားကြော် တာက လူတိုင်းကြော်တတ်ပါတယ်။ လူတိုင်းကြော်တတ်တဲ့ ကြက် သားကို ကိုယ်ပိုင် တီထွင်မှု နဲ့ဖန်တီးလိုက်တဲ့ အခါ လိုက်လံတုပ ဖို့ ခက်ခဲသွားပါတယ်။
(၂) ကုန်ကြမ်းတွေကို ထိန်းချုပ်ထားမယ်
ကိုယ် တီထွင်လိုက်တဲ့ Product or service ဟာ အောင်မြင်ပြီး ဈေးကွက်မှာ ပေါက်သွားနိုင် ခြေ ရှိတယ်ဆိုရင် Second Mover တွေ ပေါ်မလာအောင် ကုန်ကြမ်းတွေကို ထိန်ချုပ်ထားနိုင် ခြင်းဟာ လည်း ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဥပမာ မိမိ Product ထုတ်လုပ်ဖို့လိုအပ်တဲ့ ကုန်ကြမ်းရောင်းချနေတဲ့ Supplier များနဲ့သဘောတူ စာချုပ် လိုမျိုးချုပ်ဆိုပြီး ဒီနယ် မြေ ဒေသ အတွက် ဒီကုန်ကြမ်းကို မိမိ ကိုသာ ရောင်းပေးဖို့ ချုပ်ဆိုတာမျိုးဖြစ်ပါတယ်။
ဒီလိုမဟုတ်ရင်လဲ Supplier ဆီကနေ ဒီနယ်မြေ ဒေသအတွက် ဒီကုန်ကြမ်းကို နယ်မြေကိုယ်စားလှယ် လို မျိုး Dealer (ဖြန့်ချီရေး ကိုယ်စားလှယ်) လိုမျိုး လိုင်စင် ပြန်ယူ ပြီး ထိန်းချုပ် တာဖြစ်ပါတယ်။ ဒါကတော့ second mover ပေါ်လာရင်လဲ ကုန်ကြမ်းကို မိမိဆီက ဝယ်ယူ ရမှာ ဖြစ်လို့အမြတ် အစွန်းရနိုင်ပါသေးတယ်။
တစ်ချို့ကလဲ မိမိ Product ရဲ့အောင်မြင်နိုင်ချေကို Supplier ကိုတင်ပြပြီး Partner အနေနဲ့အမြတ် ရာနှုန်းတစ်ခု ခွဲဝေပေးဖို့သဘော တူစေကာ ကုန်ကြမ်းကို မိမိ သို့သာပေးစေခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ Supplier လုပ်ငန်းကြီးတွေ ဆီကနေ ရင်းနှီးမြုပ်နှံမှု ပါ ရရှိတတ်ပါသေးတယ်။
(၃) ဈေးကွက် ကို လက်ဝါးကြီး အုပ် ထားမယ်။
ဒါကတော့ မိမိ ဖြန့်ဝေမယ့် ဈေးကွက် မှာ သက်ဆိုင်ရာ အာဏာပိုင် သူတွေ ရှိရင် သူတို့နဲ့ချိတ်ဆက် ပြီး ဈေးကွက်ကို မိမိ အတွက် အသာစီး ရယူ ထားတဲ့ နည်းဖြစ်ပါတယ်။ ဥပမာ တက္ကသိုလ် ဘွဲ့နှင်း သဘင် တွေ လုပ်လေ့ ရှိတဲ့ ကျောင်းတွေ မှာ ဓာတ်ပုံ ရိုက် ကြတဲ့ အခါ လေလံ ကန်ထရိုက် ဆွဲထားတဲ့ ဓာတ်ပုံဆိုင်က နေသာ အခပေး ရိုက်ကြရလေ့ရှိပါတယ်။ ကျောင်းသားပေါင်းများ စွာ ဓာတ်ပုံရိုက်ဖို့ရှိပေမယ့် ၊ ရိုက်ပေးလို တဲ ဓာတ်ပုံဆိုင်ပေါင်းများစွာ ရှိပေမယ့် ဒီနယ်မြေ အတွက် ကတော့ လေလံအောင်ထားတဲ့ ဆိုင်က သာ ဒီလုပ်ငန်းကို လုပ်ကိုင်နိုင်တဲ့ အခြေအနေပဲဖြစ်ပါတယ်။
.
ဒါ့အပြင် ကားပါကင် တွေ လေလံဆွဲကာ အခကြေးငွေကောက်တာ၊ လမ်း တွေ တံတားတွေ ကန်ထရိုက်ယူ ပြင်ဆင်ပြီး ဖြတ်သန်းခကောက်တာ၊ အင်းလေလံ ဆွဲပြီး ငါးဖော်တာ၊ သစ်ထုတ်လုပ်ရေး လိုင်စင်၊ သတ္တုတူးဖော်တာ စတဲ့ လုပ်ငန်း တွေ ဟာ ဒီ သဘောတရား ပဲ ဖြစ်ပါတယ်။ ဒီလို လုပ်ထားနိုင်ရင်လဲ ဒါဟာ Second Mover ပေါ်မလာအောင် လုပ်နိုင်တဲ့ ထိရောက်တဲ့ နည်းတစ်ခု ဖြစ်ပါတယ်။
(၄) အလွယ်တကူ တုလို့ မရတဲ့ နည်းပညာ သုံးထားမယ်။
ဒါကတော့ရှင်းပါတယ်။ ဥပမာ တစ်ချို့မော်ဒယ်မြင့်ကားတွေ ရဲ့Plug ပလပ်တွေ ဟာ ဆိုရင် သူ့စက် ရုံက ထုတ်တဲ့Original Plug ကိုသာ တပ်ဆင်လို့ရပါတယ်။ ပုံစံ ဒီဇိုင်း ဘယ်လောက် တုတု အခြား တံဆိပ်ကို တပ်မိတာနဲ့ကွန်ပျူတာ မှာ အချက်ပြပြီး ကားစက်နိုးလို့မရတာမျိုး တွေ လုပ်ထားပြီး မိမိ ရဲ့Plug ဈေးကွက်ကို မထိခိုက်အောင် Second Mover တွေ ပေါ်မလာအောင် တားဆီး တတ်လေ့ရှိကြပါတယ်။
(၅) Customer Segment တစ်ခု ကို အပိုင် သိမ်းထားမယ်။
ဘယ်စီးပွားရေး ဖြစ်ဖြစ် ကမ္ဘာပေါ်မှာ ရှိသမျှ လူတိုင်းကို ရောင်းမယ်လို့Target ထားလို့မရနိုင်ပါဘူး။ ကိုယ့်မှာ ရှိတဲ့ resources နဲ့အင်အားနဲ့ဘယ် လူတန်းစား တစ်ရပ်ကို တော့ ရည်ရွယ် ထိုးဖောက်မယ်ဆိုတဲ့ Targeted Customer Segmentation တစ်ခု ရှိဖို့လိုပါတယ်။ ဒီတော့ အဲဒီ လို လူတန်းစား တစ်ရပ်ကိုရွေးမယ် ပြီးရင် အဲဒီလူတန်းစားတစ်ရပ် အတွက် လိုအပ် ချက် အများစုကို ကွက်တိဖြည့်ဆည်းပေးနိုင်အောင် Product or service မှာ တစ်ခါထဲ စဉ်းစား ထည့်သွင်းပေးထားပြီး ကိုယ့်ရဲ့အမာခံ customer တွေ ဖြစ်လာအောင် တည်ဆောက် ထားမယ် ဆိုရင် ကိုယ့်အတွက် ခံတပ်တစ်ခုလို ဖြစ်နေမှာ ဖြစ်ပါတယ်။
(၆) Second Mover ဝင်လာတာနဲ့ပြင်းပြင်းထန်ထန် တိုက် ထုတ်မယ်။
တကယ်ကျတော့ Second Mover ဆိုတဲ့ အကြံတူနောက် လူ က ဈေးကွက်ထဲဝင်လာတဲ့အချိန်မှာ စောရောက်နေတဲ့ ကိုယ့်လောက်တော့ ဈေးကွက်အခြေအနေ၊ customer တွေ ၊ ရောင်းအား တွေ များနေ မှာ မဟုတ်သေးပါဘူး။ ဒီလို အင်အားနည်းစပြုနေတဲ့ အချိန် ၊ အခြေမတည် နိုင်သေးတဲ့အချိန်မှာ သူ့ကို အမြတ် မရအောင် မရပ်တည်နိုင်အောင် ပြင်းပြင်း ထန် ထန် တိုက်ထုတ်တဲ့ နည်းကိုလဲ တစ်ခါတစ်ရံ မှာ အသုံး ပြု လို့ရပါတယ်။ ဒါပေမယ့်ကိုယ်က second mover ထက်တော့ အင်အား ကြီးနေဖို့လိုပါတယ်။ ဒီလို ပြင်းပြင်းထန်ထန် တိုက်ထုတ်လိုက် တဲ့ အခါဈေးကွက်ကောင်းလို့ နောက်က နေ လိုက်ဝင်လာဖို့ ပြင်နေဆဲ သူတွေ ပါ လန့်သွားပြီး မဝင်ရဲ ပဲ လက်ရှောင်သွားကြတာမျိုးတွေ ပါ ကောင်းကျိုးရနိုင်ပါတယ်။ ဥပမာ မွန်သူဌေး ကြီး ဦးနာအောက် နဲ့ဧရာဝတီ ဖလုတ်တီလာ တို့ယှဉ် တိုက်ကြသလို ဖြစ်ပါတယ်။
(၇) Switching Cost တွေ ကိုမြင့်ထားမယ်။
Switching Cost ဆိုတာကတော့ ကိုယ့်ရဲ့Customer က ကိုယ့်ဆီ ကနေ အခြား ပြိုင်ဖက်ဆီကို သွား ဝယ်မယ် ဆိုရင် customer မှာ အချိန်၊ အားထုတ်မှု၊ ငွေကြေး၊ စိတ်ပိုင်းဆိုင်ရာ တစ်ခုခု ဆုံးရှုံး စေနိုင်မယ့် အချက်တွေ ကို မြင့်တင်ထားပြီး ကိုယ့်ဆီ ကနေ အခြား ကို မသွားအောင် ထိန်းသိမ်း တဲ့ဗျူဟာ ဖြစ်ပါတယ်။ ဥပမာ ကိုယ် ဆိုင်က Delivery နဲ့ပို့ပေးတဲ့အတွက် ကိုယ့်ဆီက ဝယ်ရင် customer က လာစရာမလိုဘူး အချိန်မကုန်ဘူး စတဲ့ အားသာချက်ရှိပေမယ့် ပြိုင်ဖက် ဆိုင်ကို သွားဝယ် ရင် အဲဒီအချက်တွေ ဆုံးရှုံးမှာ ဖြစ်ပါတယ်။ switching cost တွေက လဲ သက်ရောက်မှု အတော်လေးရှိပါတယ်။ နောက်ဥပမာ ဆိုရရင် ဖုန်း ကို warranty ကာလအတွင်း သတ်မှတ် service ဆီမှာ မဟုတ်ပဲအခြား တစ်ဆိုင်ဆိုင်မှာ ဖွင့်လိုက်ရင် ပြင်လိုက်ရင် warranty ခံစားခွင့်မရှိတော့ဘူးဆိုတာ ဟာလဲ switching cost တစ်ခုဖြစ်ပါတယ်။
(၈) Strategic Partner မဟာဗျူဟာမြောက် စီးပွားဖက်တွေ မိတ်ဖွဲ့ထားပြီး အပြန်အလှန် ကူညီ ကြမယ်။
ကျွန်တော့် အိမ်နားက အသုပ် ဆိုင်က မုန့်ဖတ်ကုန်သွားပေမယ့် မုန့်ဖတ်သုပ်ဝယ်သူလာ ရင် ဖုန်းတစ်ချက် ဆက်တာနဲ့မုန့်ဖတ် သည်က ချက်ချင်းလာပို့ပေးလေ့ရှိပါတယ်။ နောက် တစ်ဆိုင်က တော့ မုန့်ဖတ် ကုန်ရင် မရောင်းရပဲ ငုတ်တုတ်ပါပဲ။
ဘုရားဝန်းထဲက ကွမ်းယာ သည်က စောင်းတန်းတစ်လျှောက်က နာမည်ကြီး ဗေဒင် ဆရာကြီး နဲ့နားလည်မှု ယူထား ကာ မိတ်ဖွဲ့ထားပါတယ်။ ဗေဒင်မေးသူလာ လို့ယတြာ ချေ ရမယ့် ကွမ်းပွဲ ကန်တော့ပွဲ ဆိုရင် အဲဒီ ကွမ်းယာ သည် ဆီ မက်ဆေ့ပို့ လိုက်တာနဲ့ချက်ချင်း အသင့် ပြင်ပြီး ပို့ပေးတဲ့ service ကနေ အတော်ဝင်ငွေကောင်းနေပါတယ်။
ဒါလောက်ဆိုရင် Strategic Partner ဆိုတာကို သဘောပေါက်လောက်ပြီထင်ပါတယ်။
(၉) Loyal Customer သစ္စာရှိ ဖောက်သည် တွေ ဖန်တီး ပြီး ခိုင်မာတဲ့ relationship ပြုလုပ်ထားမယ်။
အကောင်းမွန်ဆုံး customer service တွေ ပေးပြီး ဖောက်သည်တွေ စိတ်တိုင်းကျ ကျေနပ်မှု ရအောင် ဆောင်ရွက်ပြီး relationship တည်ဆောက်ထားမယ်ဆိုရင်လဲ ကိုယ့် product ကိုအတူတူ လိုက်လုပ်လာနိုင်စေဦး ဝယ်ယူနေကျ ဖောက်သည် တွေက ကိုယ့်ဆီမှာသာ ဆက်လက်အားပေးနေမှာ ဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ အကြံတူ ပေမယ့် နောက်လူ မသာစေဖို့လက်ရှိစီးပွားရေး လောက မှာ လုပ်ဆောင်နေကြတဲ့ အချက်တွေ ထဲက အထိရောက်ဆုံးတွေကို မျှဝေ ပေးခဲ့တာဖြစ် ပါတယ်။ အားလုံး ပဲအောင်မြင်တဲ့လုပ်ငန်းများကိုဖော်ဆောင်နိုင်ကြပါစေဗျား။
