နေ့စဉ်လှုပ်ရှားသွားလာမှုတိုင်းမှာ အရေးပါတဲ့ တံတောင်ဆစ်ဟာ ကွေးတာ၊ ဆန့်တာနဲ့ ဟန်ချက်ထိန်းတာတွေကို အဓိကတာဝန်ယူပေးထားတာဖြစ်ပါတယ်။ ဒါပေမဲ့ အလုပ်တွေအလွန်အကျွံလုပ်မိတာ၊ အားကစားလုပ်ရင်း မတော်တဆ ထိခိုက်မိတာမျိုးတွေကြောင့် တံတောင်ဆစ်မှာ စူးစူးရှရှ ဒါမှမဟုတ် တအိအိနဲ့ ကိုက်ခဲတဲ့ နာကျင်မှုတွေကို ကြုံတွေ့ရတတ်ပါတယ်။
ဒီလို တံတောင်ဆစ် နာကျင်ရတာဟာ ကြွက်သားနဲ့ အရွတ်ရောင်ရမ်းတာ၊ အာရုံကြောဖိမိတာ၊ အဆစ်လွဲတာ ဒါမှမဟုတ် အရိုးအက်တာ စတဲ့ အကြောင်းအရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဝေဒနာကို ခံစားနေရပြီဆိုရင် သာမန်ထိခိုက်မှုတွေအတွက် ဆေးရုံ/ဆေးခန်း မသွားမီ အိမ်မှာတင် လွယ်လွယ်ကူကူ သက်သာအောင် လုပ်ဆောင်နိုင်မယ့် ထိရောက်တဲ့ အိမ်တွင်းကုထုံးများကို ဝေမျှပေးလိုက်ပါတယ်။
၁။ ပြည့်ဝစွာ အနားယူပါ
အဓိကကျဆုံး ကုထုံးကတော့ နာကျင်နေတဲ့ လက်ကို အနားပေးဖို့ပဲ ဖြစ်ပါတယ်။ လေးလံတဲ့ ပစ္စည်းတွေ မတာ၊ အားစိုက်ရတဲ့ အလုပ်တွေနဲ့ တံတောင်ဆစ်ကို ထပ်မံဝန်ပိစေမယ့် လှုပ်ရှားမှုတွေကို ခေတ္တရပ်နားထားပါ။
၂။ အကြောဖြေလျှော့ပေးပါ
ကြွက်သားနဲ့ အရွတ်တွေ တောင့်တင်းနေတာကြောင့် နာကျင်တာဆိုရင်တော့ လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ပြီး အကြောလျှော့ပေးပါ။ ပေါ့ပေါ့ပါးပါး အကြောလျှော့တာက သွေးလှည့်ပတ်မှု ကောင်းမွန်စေပြီး ကိုက်ခဲမှုကို မြန်မြန်သက်သာစေပါတယ်။
Cold & Hot Therapy (အေးပူကုထုံး)
-
ရေခဲဝတ် ကပ်ပေးပါ (ထိခိုက်မိခါစ) – ထိခိုက်မိပြီး ရောင်ရမ်းနေတာ နာတာရှည်မဖြစ်သေးရင် နာရီပိုင်းခြားပြီး ၁၀ မိနစ်ခန့် ရေခဲဝတ် ကပ်ပေးပါ။ အရောင်ကျစေပြီး နာကျင်မှုကို နုံသွားစေပါတယ်။
-
ရေနွေးဝတ် ကပ်ပေးပါ (၂-၃ ရက် ကြာပြီးနောက်) – နာကျင်မှုဖြစ်တာ ၂ ရက်ထက်ကျော်လွန်သွားပြီဆိုရင်တော့ ရေနွေးအိတ် သို့မဟုတ် ရေနွေးဝတ်ကို ၁၀ မိနစ်ခန့် ကပ်ပေးခြင်းဖြင့် တောင့်တင်းနေတဲ့ ကြွက်သားများကို ပြေလျော့စေနိုင်ပါတယ်။
၄။ ပေါ့ပေါ့ပါးပါး နှိပ်နယ်ပေးပါ
အရိုးကျိုးတာ၊ အဆစ်လွဲတာမျိုး မဟုတ်ဘဲ ရိုးရိုးနာကျင်တာဆိုရင် တံတောင်ဆစ် ပတ်ဝန်းကျင်ကို ခပ်ဖွဖွလေး နှိပ်နယ်ပေးတာက အကြောပြေစေပြီး သက်သောင့်သက်သာ ဖြစ်စေပါတယ်။
၅။ သဘာဝဆေးဖက်ဝင် နနွင်းနှင့် ဂျင်း (ချင်း)
-
နနွင်း – အရောင်ကျစေတဲ့ ဂုဏ်သတ္တိပါဝင်တာကြောင့် နနွင်းမှုန့်ကို ရေနွေးပူပူ သို့မဟုတ် နွားနို့ပူပူမှာ ဖျော်ပြီး တစ်နေ့ တစ်ခွက် သောက်သုံးပေးနိုင်ပါတယ်။
-
ဂျင်း (ချင်း) ရေနွေးကြမ်း – ဂျင်း လက်တစ်ဆစ်စာကို ထုပြီး ရေနွေးဆူဆူထဲ ၁၅ မိနစ်ခန့် စိမ်ထားကာ ခပ်နွေးနွေးလေး တစ်နေ့ တစ်ခွက် သောက်ပေးရင်လည်း နာကျင်မှုကို အတွင်းပိုင်းကနေ သက်သာစေပါတယ်။
