အပြင်မထွက်ပါနဲ့၊ ထွက်ရတိုင်း နှာခေါင်းစည်းသုံးပါ။ ဘယ်ရောက်နေနေ မကြာခဏလက်ဆေးပါ။ တချို့မှာ အောက်စီဂျင်လိုတယ်။ တချို့ ဆေးရုံတက်ရတယ်။ တချို့ သေဆုံးတယ်။
ကိုဗစ်ရောဂါဟာ အသက်ရှူလမ်းရောဂါတခုဖြစ်တယ်။ အဆုတ်တွေ ပျက်စီးစေတယ်။ သာမန်လောက်နေ ဆိုးဆိုးဝါးဝါး ခံစားရနိုင်တယ်။ တချို့ အသက်ဆုံးပါးရတယ်။ အသက်ကြီးသူတွေ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာအခံရှိသူတွေ၊ ကိုယ်အလေးချိန်များပြီး ကိုလက်စထောများသူတွေမှာဖြစ်ရင် ဆိုးတယ်။
စစချင်း ဗိုင်းရပ်စ်ပိုးတွေက အသက်ရှူတော့ လေထဲက ပိုးပါနေတဲ့ အမှုန်အမွှားလေးတွေကို ရှူမိမယ်။ ကူးပြီ။ အပြင်မသွားပါနဲ့။ ထွက်ရတိုင်းမှာ နှာခေါင်းစည်းတပ်ပါ။
ပိုးတွေကြောင့် နှာခေါင်း၊ အာခေါင်၊ လေပြွန်ကိုဖုံးထားတဲ့ အလွှာလေးတွေကို ရောင်စေမယ်။ ချောင်းဆိုးမယ်။ ချောင်းခြောက်။ ခွဲျမထွက်။ ခွဲထွက်စေတဲ့ ချောင်းဆိုးသက်သာဆေး မလိုပါ။ လည်ပင်းနာမယ်။ ဖျားမယ်။ Paracetamol, Ibuprofen, Biogesic တခုခုသောက်ပါ။
ပါးစပ်နဲ့ မျက်စိတွေကိုလည်း ရောက်နိုင်တယ်။ လက်မဆေးပဲ မျက်စိကို မကိုင်ပါနဲ့။ မျက်နှာသစ်ပါ။
ပိုးကူးစက်ခံထားရသူ အနီးအနားမှာ ပိုးတွေကျရောက်နေမယ်။ မျက်နှာပြင်တွေကို Lysol, Bleach ပိုးသတ်ဆေးနဲ့ သန့်ရှင်းပါ။ လက်အိတ်သုံးပါ။ လက်ဆေးပါ။
ပိုးတွေက အမြန်ပွါးလာမယ်။ အသက်ရှူလမ်းအောက် ဆက်ဆင်းမယ်။ လေပြွန်ကြီးတွေ၊ အဆုတ်နှစ်ဘက်။ အဆုံးနေရာကို Alveoli လေအိတ်လို့ခေါ်တယ်။ လူတိုင်း အဲဒီနေရာမှာ သွေးထဲက ကာဘွန်ဒိုင်အောက်ဆိုဒ်နဲ့ အသက်ရှူတဲ့လေထဲမှာပါလာတဲ့ အောက်စီဂျင် အပြောင်းအလဲလုပ်တယ်။
ဗမာနည်း နှာရှူခြင်းကြောင့် ရှိနေတဲ့ပိုးတွေပါတဲ့ အမှုန်အမွှားလေးတွေ အင်နဲ့အားနဲ့ ထုတ်ပြစ်ရာကျတယ်။ ၆ ပေပတ်လည်ကလူတွေက ရှူမိရင် ကူးမယ်။ အဲဒါကြောင့် တတောင်ဆစ်ထဲမှာသာ နှာချေပါ၊ ချောင်းဆိုးပါ ခိုင်းတာ။ အဲဒါကြောင့် ၆ ပေအကွာမှာနေပါ။ နှာခေါင်းစည်းပါ။ မျက်နှာပြင်တွေကို Lysol, Bleach ပိုးသတ်ဆေးနဲ့ သန့်ရှင်းပါ။ လက်အိတ်သုံးပါ။ လက်ဆေးပါ။
ကူးစက်ခံရသူ ၈၀% တို့ဟာ သာမန်အဆင့်သာ ခံစားကြရတယ်။ ချောင်းခြောက်ဆိုးမယ်။ လည်ပင်းနာမယ်။ ဖျားမယ်။ အားနည်းမယ်။
ကျန် ၂၀% ကတော့ ဆိုးတယ်။ အဆုတ်ရောင်လာပြီ။ Pneumonia နူမိုးနီးယားလို့ ခေါ်တယ်။ Alveoli လေအိတ်သေးသေးလေတွေ ရောင်မယ်။
တကယ်ဆိုးတာက ၁၄% သာရှိပါတယ်။ အဆုတ်နှစ်ဘက်လုံး နူမိုးနီးယားဖြစ်မယ်။ အဆုတ်ထဲမှာ အရည်တွေ ပြည့်နေမယ်။ မောမယ်။ အသက်ရှူမဝဖြစ်မယ်။ အသက်ရှူမြန်မယ်။ Oxygen အောက်စီဂျင်လိုတယ်။ Ventilator အသက်ရှူစက်လိုတယ်။
၂၀-၃၀% တို့မှာ အဆုတ်ထဲမှာ သွေးခဲနိုင်တယ်။ အသက်အန္တရာယ်ရှိတယ်။ သွေးခဲလေးတွေက အဆုတ်၊ ခြေထောက်နဲ့ ဦးနှောက်သွေးကြောသေးသေးလေးတွေကို သွားပိတ်မယ်။ လူနာနည်းနည်းပါးပါး lung transplants အဆုတ်လဲပေးရနိုင်တယ်။
အရေးပေါ်အဆင့်လူနာ ၅% သာရှိတယ်။ Severe pneumonia နဲ့ acute respiratory distress syndrome (ARDS) လို့ခေါ်တယ်။
အလွန်ရှင်းလင်း လွယ်ကူတဲ့ ကာကွယ်နည်းထက် ကောင်းတာ အရေးကြီးတာ မရှိပါ။
၁။ အပြင်မထွက်ပါနဲ့။
၂။ ထွက်ရတိုင်း နှာခေါင်းစည်းသုံးပါ။
၃။ ဘယ်မှာနေနေ လက်မကြာခဏဆေးပါ။ မျက်နှာသစ်ပါ။
စာထဲမှာ ဘယ်ဟာတွေစားပါ မပါ။ ဘယ်ဟာတွေ မစားနဲ့ မပါ။ ဘယ်အားဆေးသောက်ပါ မပါ။ ဘယ်ဖြည့်စွက်စာ မပါ။ ဘယ်အရပ်ဆေးနည်း မပါ။ မှောက်ပါ လှန်ပါ မပါ။ ရေချိုး မချိုး မပါ။
မမှန်တာတွေ မပြောပါနဲ့။ မှားတာတွေ မတင်ပါနဲ့။ လိမ်တာတွေ မလုပ်ပါနဲ့။ ကိုဗစ်ကပ်ရောဂါဘေးက ဝေးကြပါစေသတည်း။
ရေးသားသူ ဒေါက်တာတင့်ဆွေ
