cellulitis ဆိုတာအရေပြားပေါ်မှာ ဘက်တီးရီးယား ပိုးကြောင့် ဖြစ်တဲ့အရေပြားရောင်ရမ်းနာကျင်မှုတမျိုးပါ။ များသောအားဖြင့် ခန္ဓာကိုယ်နဲ့မျက်နှာထက်ရင် ခြေထောက်မှာပိုပြီး ထိခိုက်ဒဏ်ရာရတတ်လို့ ခြေထောက်အောက်ပိုင်းမှာဖြစ်တာကို ပိုပြီး တွေ့ရလေ့ ရှိပါတယ်။ တခါတရံမှာအရေပြားပေါ်မှာပဲ ပြီးသွားသလို အရေပြားအတွင်းပိုင်းထိပါ ပိုးဝင်ရောက်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါ့အပြင်ပိုဆိုးလာရင် သွေးကြောထဲထိ ပိုးရောက်တာနဲ့ပြန်ရည်ကြောတွေထဲထိ ဝင်ရောက် တာမျိုးလည်းရှိပါတယ်။ အကယ်၍ သေချာဂရုမစိုက်ဘဲ ထားမယ်ဆိုရင် အသက်အန္တာရယ်ပါစိုးရိမ်ရနိုင်ပါတယ်။
cellulitisရဲ့လက္ခဏာတွေကဘာလဲ?
– အရေပြားမှာပူခြင်း
– ရောင်ရမ်းခြင်း
– အထိမခံနိုင်အောင်နာခြင်း
– ခြေထောက်တခုလုံးနီရဲနေခြင်း
– ပြည်တည်နာဖြစ်ခြင်း
– သွေးထွက်ခြင်းတွေ အပြင်
– အဖျားဝင်ခြင်း
– နုံးခြင်း
– ခေါင်းမူးခြင်း
– ကြွက်သားနာခြင်း
– ထုံကျဉ်ခြင်း တွေပါဖြစ်လေ့ရှိပါတယ်။
ဖြစ်ရတဲ့အကြောင်းရင်းကဘာလဲ?
အရေပြားပေါ်မှာပွန်းပဲ့ထိခိုက်မိတာ ခြစ်မိတာ အကောင် ကိုက်တာ ခွဲစိတ်မှုလုပ်ထားတာမျိုးတွေမှာ အတွေ့ရများ ပါတယ်။ ဖြစ်စေတဲ့ဘက်တီးရီးယားကတော့ Staphylococcus နဲ့ Streptococcus ဆိုတဲ့အကောင် တွေကြောင့် အဖြစ်များတာတွေ့ရပါတယ်။
အကယ်လို့သင့်မှာ
– ခုခံအားမကောင်းတဲ့ရောဂါမျိုး
– အရေပြားအနာမျိုး
– ဆီးချိုရောဂါ
– ခြေထောက်သွေးကြောထုံးရောဂါတွေ ရှိခဲ့ရင် ပိုပြီးအဖြစ်လွယ်နိုင်ပါတယ်။
ဘယ်လိုကုသမလဲ?
ရောဂါပိုးဝင်ပြီဆိုတာနဲ့ ပိုးသတ်ဆေးနဲ့ အနာသက်သာ ဆေးတွေကို ဆရာဝန်ညွှန်းကြားတဲ့အတိုင်း သောက်သုံးရ ပါမယ်။ခြေထောက်အရေပြားရောင်ရမ်းမှုပေါ်မူတည်ပြီး ဆိုးရင်ဆိုးသလောက်၁ပတ်ကနေ ၃ပတ်လောက်ထိ ဆေးသောက်ရနိုင်ပါတယ်။အနားယူတဲ့အခါ ခြေထောက် ကိုအရောင်ကျစေဖို့ခေါင်းအုံးပေါ်တင်ပြီး ထောင်ထား ပေးပါ။အကယ်၍ ကိုယ့်မှာအခြားရောဂါတခုခုရှိနေလို့ အနာမကောင်းတာမျိုး ရောင်ရမ်းမှုဝေဒနာက ရက်ရှည် နေတာမျိုးဖြစ်ခဲ့ရင် ဆေးရုံတက်ပြီး ကုသမှုခံယူ သင့်ပါတယ်။ဥပမာ အဖျားအရမ်းကြီးတာ သွေးတိုးတာ မျိုးပေါ့။
နောက်ဆက်တွဲဆိုးကျိုးတွေကဘာလဲ?
အရေပြားပေါ်က အနာရောင်ရမ်းမှုကခန္ဓာကိုယ် တလျောက်လုံးပျံ့နှံ့တာ သွေးထဲထိရောက်ပြီး သွေးဆိပ် တက်တာ အကြိတ်ရောင်တာတွေထိဖြစ်နိုင်ပါတယ်။ ရောင်ရမ်းတဲ့ခြေထောက်ကနေ အထဲထိပိုးဝင်ရောက်ပြီး လှိုက်စားတာမျိုးလည်းရှိနိုင်ပါတယ်။ဒါဆိုအရိုးထဲထိပိုး ဝင်တာခြေထောက်တခုလုံးပုပ်သွားတာမျိုးတောင်ဖြစ် နိုင်ပါတယ်။
ဘယ်လိုကာကွယ်ကြမလဲ?
– မိမိရဲ့အရေပြားမှာ ကွဲရှမိတာရှိတာနဲ့ ဆပ်ပြာနဲ့သေချာ ဆေးကြောပါ။
– လိုအပ်ရင်ဆရာဝန်ညွှန်ကြားတဲ့ပိုးသတ်ဆေးသောက်ပါ။
– အလုပ်လုပ်ရင်းမထိခိုက်မိအောင် သတိထားပါ။
– ခြေဗလာနဲ့ နင်းတာမျိုးမလုပ်ပါနဲ့။ ဒါဆိုရင်ပိုးဝင်ရောက် တာပိုလွယ်ကူနိုင်လို့ပါ။
အကယ်၍
– အကောင်တကောင်ကောင်ခြစ်မိကိုက်မိတာ
– ပေါက်ပြဲ ဒါဏ်ရာရတာ
– သွေးထွက်တာပြည်ရှိတာ
– အနာကတဖြည်းဖြည်းမဲလာတာမျိုးရှိရင် သိတာနဲ့ဆရာဝန်ဆီသွားရောက်ပါနော်။
ဒါကြောင့်အရေပြားရောဂါဆိုတိုင်းပိုးဝင်တာကို လွယ် လွယ်ကူကူသတိမမူဂူမမြင်ဘဲ ပေါ့ပေါ့ဆဆမနေမိအောင် တိုက်တွန်းလိုက်ပါတယ်နော်။
credit-Dr.တင်ရီ
