ပထမဆုံး artist အနေနဲ့ admin အရမ်းကို လေးစားအားကျရပါသော Impressionism ကို ဦးဆောင်ခဲ့တဲ့ ပန်းချီဆရာတစ်ဦးဖြစ်တဲ့ Claude Monet နဲ့ သူ့ရဲ့ ပန်းချီကားတွေအကြောင်းကို ရွေးချယ်ထားပါတယ်
Claude Monet (1840-1926)
(t/w death, attempt of suicide)
၁၈၄၀ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ပန်းချီဆရာ Claude Monet (ကလောက်ဒ် မိုနေး) ဟာ ပြင်သစ် Impressionism ရဲ့ ရှေ့ဆောင် ပန်းချီဆရာတစ်ဦး ဖြစ်ပါတယ်
သူ့ရဲ့ Impressionist ပန်းချီကားတွေကြောင့် လူသိများပြီး ရှုခင်းတွေနဲ့ ပန်းတွေကို အဓိကထား ရေးဆွဲတဲ့ ပန်းချီဆရာတစ်ဦးဖြစ်ပါတယ်
Monet ဟာ outdoor ရှုခင်းပုံတွေကို ရေးဆွဲရတာကို အလွန်နှစ်သက်ပြီး အရာဝတ္ထုတွေ subject တွေထက်စာရင် သူတို့အပေါ် ကျရောက်တဲ့ အလင်းရောင်နဲ့ အလင်းကြောင့် ပြောင်းလဲသွားတဲ့ view တွေကို အသားပေးပြီး ရေးဆွဲသူဖြစ်ပါတယ်
အသက် (၅) နှစ် အရွယ်မှာ Le Harve ကို ပြောင်းလာခဲ့ပြီး မိခင်ဖြစ်သူက Monet ရဲ့ အနုပညာအပေါ် စိတ်ဝင်စားမှုကို အားပေးခဲ့သလောက် သူ့ရဲ့ဖခင်ကတော့ စီးပွားရေးကိုပဲ လုပ်စေချင်ခဲ့တာပါ
အသက် (၁၁) နှစ် အရွယ်မှာ Le Havre secondary school of the arts ကို တက်ရောက်ခဲ့ပြီး သူ့ရဲ့ charcoal နဲ့ ရေးဆွဲတဲ့ caricature လက်ရာတွေက နယ်ခံတွေကြားမှာ နာမည်ကြီးခဲ့ပါတယ်
အသက် (၁၉) နှစ်၊ ၁၈၅၉ မှာတော့ Paris (ပါရီ) ကို ပြောင်းလာခဲ့ပြီး ပန်းချီပညာကို သေချာ သင်ယူဖို့ ကြိုးစားခဲ့ပါတယ်
အဲ့ဒီမှာပဲ Monet ဟာ အခြားပန်းချီဆရာတွေနဲ့ ဆုံတွေ့ခွင့်ရခဲ့ပြီး ဆီဆေးနဲ့ အခြား ပန်းချီရေးနည်းတွေ နည်းစနစ်တွေကို ဆည်းပူးခဲ့ပါတယ်
၁၈၆၁-၆၂ မှာတော့ Algeria မှာ စစ်မှုထမ်းခဲ့ရပေမယ့် ကျန်းမာရေးမကောင်းတာကြောင့် ပါရီကို ပြန်လာပြီး ပန်းချီကျောင်းတက်ပြီး ပန်းချီတွေ ပြန်ဆွဲဖြစ်ခဲ့ပါတယ်
Monet ဟာ မိသားစုကို ချစ်တတ်တဲ့သူတစ်ယောက်လို့လည်း ပြောရပါမယ် သူ့ရဲ့ ပန်းချီကားတွေမှာ သူ့ရဲ့ ဇနီးသည်နဲ့ ကလေးတွေက model အဖြစ် အမြဲလို ပါဝင်ခဲ့ပါတယ်
သူ့ရဲ့ ပထမ ဇနီးသည် Camille Doncieux ရဲ့ ကွယ်လွန်မှုအတွက် သူမဆုံးပါးသွားတဲ့ ကုတင်ပေါ်မှာပဲ သူမရဲ့ ပုံတူပန်းချီကားကို ရေးဆွဲခဲ့ပါတယ်
Monet ဟာ ရှေးရိုးစွဲ ပန်းချီနည်းစနစ်တွေကို ဆန့်ကျင်ပြီး အရောင်တွေကို သေချာခွဲခြမ်းစိတ်ဖြာတာပြီး သူ့နည်းသူ့ဟန်နဲ့ ပန်းချီရေးနည်းသစ်တစ်ခုကို လမ်းဖောက်ပြီး ရေးဆွဲခဲ့သူဖြစ်ပါတယ်
၁၈၇၄ ခုနှစ်မှာတော့ Monet ဟာ အခြား impressionism ပန်းချီဆရာတွေနဲ့အတူ ပထမဆုံး ပြပွဲပြုလုပ်ခဲ့ပါတယ်
အဲ့ဒီပြပွဲမှာ ပြသခဲ့တဲ့ “Impression, Sunrise (1872)” ဆိုတဲ့ ပန်းချီကားကို ဝေဖန်ရေးသမားတစ်ဦးက “ပြီးသွားတဲ့ ပန်းချီကားတစ်ချပ်ထက် sketch နဲ့တူတယ်။ ပန်းချီကားနာမည်လိုပဲ impression ပဲရှိတယ် realism မရှိဘူး” ဆိုတဲ့အဓိပ္ပါယ်နဲ့ “impressionism” ဆိုတဲ့ နာမည်ကို ရှုတ်ချတဲ့သဘောမျိုးနဲ့ ခေါ်ခဲ့ပါတယ်
ဒါပေမယ့် အဲ့ဒီနာမည်ကို ပန်းချီဆရာတွေက လက်ခံခဲ့ကြပြီး Impressionism ဆိုတဲ့ ပန်းချီရေးဟန်ဆိုပြီး ပေါ်ပေါက်လာခဲ့ပါတယ်
Monet ဟာ သူ့ရဲ့ ပထမဇနီးသည် ဆုံးပါးပြီးနောက်ပိုင်းမှာ ငွေကြေးဆိုင်ရာ ခက်ခဲမှုအရရော စိတ်ကျရောဂါ ခံစားရပြီး မြစ်ထဲခုန်ချပြီး သတ်သေဖို့အထိ ကြိုးစားခဲ့ဖူးပါတယ်
၁၈၈၃ ခုနှစ်မှာတော့ Giverny ကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အဲ့ဒီက နေအိမ်မှာပဲ ပန်းခြံကြီးတစ်ခုကို စိတ်ကြိုက်ဖန်တီးခဲ့ပါတယ် ပြီးတော့ အဲ့နေရာမှာပဲ ပန်းချီဆွဲရင်း ဘဝရဲ့နောက်ဆုံးအချိန်တွေ ကုန်ဆုံးခဲ့ပါတယ်
Monet ဟာ ဒုတိယဇနီးသည် Alice Hoschedé နဲ့ ၁၈၉၂ ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်
၁၈၇၉ ခုနှစ် ပထမ ဇနီးသည် ဆုံးပါးပြီးတဲ့ အချိန်ကတည်းက ဆင်းရဲတဲ့ဘဝမျိုးမှာ ဆက်မနေရအောင် ကြိုးစားခဲ့တဲ့ ပန်းချီဆရာ Monet ဟာ ၁၈၈၀-၁၈၉၀ ခုနှစ်တွေမှာ သူ့ဘဝရဲ့ အကောင်းဆုး ပန်းချီကား တွေနဲ့ ပန်းချီ series တွေကို ရေးဆွဲခဲ့ပြီး ဝေဖန်ရေးသမားတွေကြားထဲမှာရော ငွေကြေးပိုင်းဆိုင်ရာအရရော အောင်မြင်ခဲ့ပါတယ်
အငှားနဲ့ နေထိုင်နေရတဲ့ အိမ်ကြီးနဲ့ ဧကချီတဲ့ ဥယျာဉ်ခြံမြေကိုလည်း ၁၈၉၀ နှောင်းပိုင်းမှာ အပိုင်ဝယ်ယူနိုင်ခဲ့ပါတယ်
Monet ဟာ ပန်းတွေနဲ့ ပတ်ဝန်းကျင်ရှုခင်းတွေကို ရေးဆွဲရတာ အလွန်နှစ်သက်ပြီး သူ့ရဲ့ ဥယျာဉ်ကြီးထဲက ပန်းတွေကိုလည်း ဥယျာဉ်မှူးတွေ အများကြီးခန့်ထားပြီး အသေအချာ ပြုစုခဲ့တာပါ
သူ့ရဲ့ နောက်ပိုင်း နာမည်ကြီးတဲ့ ပန်းချီကား series တွေကလည်း အဲ့ဒီဥယျာဉ်ထဲက ပန်းတွေက အဓိက ပါဝင်ပါတယ်
၁၉၁၁ ခုနှစ် ဒုတိယဇနီးသည် Alice ကွယ်လွန်သွားပြီးနောက် Monet ရဲ့ သားအကြီးဆုံး Jean Monet ကလည်း ၁၉၁၄ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်
အဲ့နောက်ပိုင်းမှာ Monet ဟာ မျက်စိတိမ်စွဲရောဂါကို စတင်ခံစားခဲ့ရပါတယ်
အဲ့အချိန်မှာ သူရေးဆွဲခဲ့တဲ့ ပန်းချီကားတွေဟာလည်း တိမ်စွဲတဲ့ရောဂါရဲ့ လွှမ်းမိုးမှုတွေ အများကြီးပါဝင်နေပြီး အရောင်သုံးစွဲမှုတွေဟာ အတော်ပြောင်းလဲသွားခဲ့ပါတယ်
၁၉၂၆ ခုနှစ် ဒီဇင်ဘာလ ၅ ရက် အသက် ၈၆ နှစ် အရွယ်မှာတော့ ပန်းချီဆရာကြီး Claude Monet ဟာ အဆုတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်
သူ့ရဲ့နေအိမ်နဲ့ ဥယျာဉ်ခြံကြီးကိုတော့ Fondation Claude Monet ကနေ ပြုပြင်ထိန်းသိမ်းပေးနေပြီး လာရောက်လည်ပတ်သူတွေအတွက် တံခါးဖွင့်ပေးထားပါတယ်
Monet ရဲ့ နာမည်ကြီး ပန်းချီကားတွေနဲ့ သူ့ရဲ့ နာမည်ကျော် series တွေထဲက တစ်ချို့ဖြစ်တဲ့ Water Lilies, Haystacks, Rouen Cathedral တို့ကို အောက်မှာ နာမည်နဲ့အတူ ဖော်ပြပေးထားပါတယ်~
