Emotional Abuse ဆိုတာက အခြားသူတစ်ယောက်ရဲ့ စိတ်ထဲ၊အတွေးထဲမှာ Trauma (စိတ်ဒဏ်ရာ) တစ်ခုဖြစ်စေတဲ့ထိ သိလျက်နဲ့ဖြစ်စေ၊ မသိဘဲဖြစ်စေပြုမိတဲ့အပြုအမူ၊ အပြောအဆိုနဲ့ အဲ့လိုပြုမူပြောဆိုသူရဲ့လုပ်ရပ်ကိုဆိုလိုပါတယ်။

ကျွန်မတို့တွေ တစ်ခုခုထိခိုက်မှုကြောင့် ကိုယ်ခန္ဓာမှာပြင်ပဒဏ်ရာရတဲ့အခါ အနာကျက်အောင်ဆေးထည့်တာ၊ အကိုက်ခဲသက်သာအောင် ဆေးသောက်တာမျိုးလုပ်နိုင်ပါတယ်။

ဒါပေမယ့် စိတ်ဒဏ်ရာဖြစ်လာတဲ့အခါ ဆေးထည့်၊ ဆေးသောက်၊ ဆေးကုပြီးတော့တောင် ပျောက်ဖို့ဆိုတာအင်မတန်ခက်ခဲပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်က အခြားသူကို စိတ်ဒဏ်ရာမပေးမိအောင် emotional abuse ဖြစ်စေတဲ့ စကားအပြောဆို၊ အပြုမူများကို ပြောပြပေးလိုက်ပါတယ်။

၁။ အားနည်းချက်ကို စနောက်၊ လှောင်ပြောင်ခြင်း။

တစ်ဖက်သူရဲ့အားနည်းချက်ကိုထပ်ခါ ထပ်ခါပြောပြီးလှောင်တာက သူ့ကိုစိတ်ပိုင်းဆိုင်ရာအရ တိုက်ခိုက်ခြင်းတစ်မျိုးပါပဲ။ ဒီလိုမျိုးအားနည်းချက်ကို မကြာခဏပြောခြင်းက ပြောခံရသူရဲ့ စိတ်ထဲမှာ ဒီလိုစကားလုံးတွေကိုပဲစွဲနေမိပြီး မိမိကိုယ်ကိုယ်အပြစ်တင်စိတ်တွေများလာစေတတ်ပါတယ်။

၂။ စိတ်ခံစားချက်ကိုလျှော့တွက်ခြင်း။

ကိုယ့်ကိုယုံယုံကြည်ကြည်နဲ့ ရင်ဖွင့်လာတဲ့သူတစ်ယောက်ရဲ့စိတ်ခံစားချက်ကိုနားမလည်ပေးနိုင်တာကလည်းတစ်ဖက်သူကိုစိတ်ထိခိုက်စေပါတယ်။ ဒါလေးကိုတော့ကျွန်မတို့ သူငယ်ချင်းတွေအဆင်မပြေလို့ နှစ်သိမ့်ပေးတဲ့အခါ စေတနာအမှားလေးတွေနဲ့အတူတွဲပြီးတွေ့ရတတ်ပါတယ်။

“ဒီလိုဖြစ်တတ်ပါတယ်၊ နင်ဘာကြောင့်ဒီလောက်ထိဖြစ်နေရတာလဲ၊ မပျော့ညံ့စမ်းပါနဲ့ကွာ” စတဲ့အပြောလေးတွေကတစ်ဖက်သူကိုအကူညီမဖြစ်စေတဲ့အပြင် စိတ်ဓာတ်ကျခြင်းကိုပါဖြစ်စေနိုင်ပါတယ်။

၃။ တစ်ဖက်သူမကြိုက်တဲ့လုပ်ရပ်များကိုလုပ်ခြင်း။

ခုအခါမှာ မြင်သာအောင်ပြောကြရရင် social media မှာ snap ပုံတင်တာ၊ group ထဲမှာ သူငယ်ချင်းတွေကိုလိုက်ပို့ပေးပြီး လှောင်ရယ်တာ စတာမျိုးပါ။ ဒါကိုတစ်ဖက်သူကပြဿနာမရှိဘူး သူငယ်ချင်းအချင်းချင်းပဲမို့အဆင်ပြေတယ်ဆိုရင်ဘာမှမဖြစ်ပေမယ့် သူ့မှာမတင်စေချင်တဲ့ဆန္ဒရှိနေရင် ဒါကတစ်ဖက်သူကိုစိတ်ရှုပ်ထွေးစေပါတယ်။

ဒါကိုသူငယ်ချင်းတွေကစုပြီးဝိုင်းရယ်ကြမယ်ဆိုရင် ပိုလို့တောင်အရှက်ရစေမှာပါ။ ကိုယ့်အတွေ့အကြုံအရတော့ introvert တွေကဒီလိုအဖြစ်ပျက်မျိုးကိုပိုမုန်းလိမ့်မယ်ထင်ပါတယ်။ ဒါပေမယ့် ဘယ်သူမဆိုကိုယ်မကြိုက်တာလုပ်ရင် အနည်းဆုံးစိတ်ထဲကသိကအောင့်ဖြစ်မိမှာပါ။

၄။ ကိုယ့်စိတ်တိုင်းကျ ဖြစ်စေခြင်း။

အင်မတန်ရင်းနှီးတဲ့သူငယ်ချင်း၊ ချစ်သူစတဲ့ relationship တွေမှာ ပိုချစ်တဲ့သူကရှုံးရမှာပဲဆိုပြီးပြောတတ်ကြတယ်မလား။ ဟုတ်ပါတယ် ပိုပြီးတော့သံယောဇဉ်ရှိတဲ့သူတွေကို တစ်ဖက်သူက “ငါဘာလုပ်လုပ်သူသည်းခံမှာပါ၊ သူကငါ့ကိုချစ်တယ်” ဆိုတဲ့အတွေးရှိနေတာကြောင့် တစ်ဖက်သူကို မသိမသာအနိုင်ယူတတ်တာမျိုးရှိပါတယ်။

ဒါကိုတစ်ဖက်သူကလက်ခံပေးနိုင်ရင်အဆင်ပြေပေမယ့် တစ်ဖက်သူရဲ့ခံစားချက်ကိုကိုယ်ကနားမလည်ပေးဘဲ ဒီအတိုင်းအနိုင်ယူဖြစ်နေရင် emotional abuse ဖြစ်စေပြီး ဆက်ဆံရေးကိုလည်း ထိခိုက်စေပါတယ်။

emotional abuse လုပ်ခံရသူများဟာ….

  • မိမိကိုယ်ကို တန်ဖိုးထားမှုလျော့နည်းခြင်း
  • စိတ်မလုံခြုံခြင်းများ
  • လူကြားထဲမသွားလာရဲခြင်း၊ ယုံကြည်မှုမရှိခြင်း
  • အပြစ်တင်စိတ်များခြင်း
  • စိတ်ဓာတ်ကျခြင်း များအထိဖြစ်နိုင်တဲ့အပြင် မိမိကိုယ်ကိုအဆုံးစီရင်ခြင်းများအထိဖြစ်နိုင်တာကြောင့် မိမိကြောင့်အခြားသူများမထိခိုက်ရအောင် အချင်းချင်းကူညီဖေးမပေးကြဖို့ တောင်းဆိုလိုက်ပါရစေရှင့်။ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်နှိပ်စက်ခံရခြင်းများမှ ကင်းဝေးကြပါစေရှင်။