influenza-virus

တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး နှာခေါင်း၊ လည်ချောင်းနှင့်အဆုတ်စသည် အသက်ရှူစနစ်ကို ထိခိုက်စေသည်။ အများအားဖြင့် အထူးတလည် ကုသရန် မလိုအပ်ဘဲ သူ့အလိုလိုပျောက်ကင်းကြသည်။

လက္ခဏာများ

တုပ်ကွေးရောဂါ၏ လက္ခဏာများမှာ အအေးမိဖျားနာ (Common Cold) နှင့် ဆင်တူပြီး

  • နှာစေးခြင်း
  • နှာချေခြင်း
  • လည်ချောင်းနာခြင်း စသည့်ဝေဒနာများ စတင်ဖြစ်ပေါ်လာတတ်သည်။

အခြား တွေ့ရသော လက္ခဏာများမှာ

  • ဖျားခြင်း (100 ‘F (38 ‘C))
  • ကြွက်သားများ ကိုက်ခဲခြင်း
  • ချမ်းတုန်ခြင်း
  • ချွေးပျံခြင်း
  • ချောင်းခြောက် ဆိုးခြင်း
  • ခေါင်းကိုက်ခြင်း
  • နုံးခွေခြင်း စသည်တို့ ဖြစ်သည်။

ဖြစ်ပွားရသော အကြောင်းရင်းများ

တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးသည် ရောဂါပိုးရှိသူ နှာချေခြင်း၊ ချောင်းဆိုးခြင်းမှ တဆင့် ထွက်ပေါ်လာသော တံတွေးစက်များ၊ အရည်များမှတဆင့် လေထဲသို့ ကူးစက်ပျံ့နှံ့သည်။ ထို့ကြောင့် ထိုသို့သော လေကို တိုက်ရိုက်ရှူရှိုက်မိ၍ဖြစ်စေ၊ ပိုးကပ်ညိနေသော
တယ်လီဖုန်း၊ ကွန်ပြူတာ အစရှိသော ပစ္စည်းများမှ တဆင့်ဖြစ်စေ ကူးစက်တတ်သည်။

အများအားဖြင့် ရောဂါ ဖြစ်ပွားသူသည် လက္ခဏာစတင်ပေါ်ပေါက်သည့် နေ့မှ စ
တင်ပြီး ၅ ရက်ခန့်အထိ တပါးသူကို ရောဂါကူးစက်စေနိုင်သည်။ အသက်ငယ်လွန်းသော ကလေးငယ်များ၊ အသက်ကြီးလွန်းသော အဖိုးအဖွားများနှင့် ကိုယ်ခံအားနည်းနေသူများတွင်မူ ထိုထက်ပို၍ ရောဂါကူးစက်နိုင်မှုရက် ကြာရှည်နိုင်သည်။

ရောဂါ ဖြစ်နိုင်ချေများသူများ

တုပ်ကွေးရောဂါပိုဖြစ်နိုင်သူများနှင့် ရောဂါဖြစ်ပေါ်လျှင် နောက်ဆက်တွဲ ပြဿနာများကို ပိုမိုခံစားရသူများမှာ –

  • အသက်ငယ်လွန်းသော ကလေးငယ်များ
  • အသက် ၆၅ နှစ်ကျော်သော လူကြီးများ
  • လူအများနှင့် စုပေါင်းနေထိုင်ရသူများ
  • ကိုယ်ဝန်ဆောင်များ
  • ဆီးချိုသွေးချို၊ ပန်းနာရင်ကြပ် စသည့် နာတာရှည်ရောဂါရှိသူများ
  • ကိုယ်ခံအားနည်းနေသူများ
  • BMI 40 ကျော်သည်အထိ အဝလွန်နေသူများ

နောက်ဆက်တွဲ ပြဿနာများ

  • အသက်ရှူလမ်းကြောင်း ဘက်တီးရီးယားပိုးဝင်ခြင်း (တုပ်ကွေးရောဂါ၏ နောက်ဆက်တွဲအဖြစ် အတွေ့ရအများဆုံး ဖြစ်သည်)
  • ရှိနေသော နာတာရှည်ရောဂါကို ပိုဆိုးစေတတ်ခြင်း (ဥပမာ- ပန်းနာရင်ကြပ်၊ ဆီးချိုရောဂါ စသည်တို့ ပိုဆိုးစေခြင်း)
  • ကိုယ်ဝန်ဆောင်စဉ် တုပ်ကွေးရောဂါဖြစ်လျှင် ၃၆ ပတ်မတိုင်မီ ကလေးစောမွေးဖွားတတ်ခြင်း၊ မွေးသည့် ကလေး ပေါင်မပြည့်ခြင်း စသည်တို့ ဖြစ်ပွားတတ်ပြီး ရှားရှားပါးပါးအနေဖြင့် ကိုယ်ဝန်ပျက်တတ်ခြင်း၊ ကလေးအသေမွေးဖွားတတ်ခြင်း စသည်တို့

ဖြစ်ပွားတတ်သည်။

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အများအားဖြင့် ဆရာဝန်နှင့် ပြသရန်မလိုအပ်ဘဲ အိမ်တွင် အနားယူရင်းပင် ရောဂါ
ပျောက်ကင်းတတ်ကြသည်။ သို့သော် မိမိတွင် နောက်ဆက်တွဲပြဿနာများဝင်ရန် အခွင့်အရေးများလျှင် (ဥပမာ- ကိုယ်ဝန်ဆောင်၊ ဆီးချိုရောဂါရှင် စသည်) ဆရာဝန်နှင့် ပြသသင့်သည်။

ကုသခြင်း

အများအားဖြင့် ကုသရန် မလိုအပ်ပါ။
ရောဂါ သက်သာစေရန်

  • ရေများများသောက်ခြင်း
  • အနားယူခြင်း
  • ကိုယ်ခံအား ကောင်းစေရန် အိပ်ရေးဝအောင် အိပ်စက်ခြင်း
  • နာကျင်ကိုက်ခဲမှုများလျှင် ပါရာစီတမောကဲ့သို့ အကိုက်အခဲသက်သာဆေးများ သောက်ခြင်းများ ပြုလုပ်နိုင်သည်။

ရောဂါ လက္ခဏာ ပြင်းထန်သူများ၊ နောက်ဆက်တွဲ ပြဿနာများ ရှိလျှင်မူ Antiviral ဆေးများ တခါတရံ အသုံးပြု၍ ကုသရတတ်သည်။

ကာကွယ်ခြင်း

တုပ်ကွေးရောဂါကို ကာကွယ်ရန် အောက်ပါတို့ကို ပြုလုပ်နိုင်ပါသည်။

  • အသက် ၆ လထက်ငယ်သော ကလေးငယ်များတွင် တုပ်ကွေးကာကွယ်ဆေး ထိုးခြင်း
  • နောက်ဆက်တွဲပြဿနာ ခံစားရနိုင်ချေများသူများတွင် နှစ်စဉ် ကာကွယ်ဆေးထိုးခြင်း
  • လက်ဆေးခြင်း – စနစ်တကျနှင့် မကြာခဏ လက်ဆေးခြင်းသည် တုပ်ကွေးရောဂါကို ထိရောက်စွာ ကာကွယ်နည်း တစ်ခု ဖြစ်သည်။
  • နှာစေး ချောင်းဆိုးလျှင် လက်ကိုင်ပဝါ အသုံးပြုခြင်း
  • လူနေထူထပ်သော နေရာများကို ရှောင်ရှားခြင်း