ပြီးခဲ့တဲ့ ၂၀၂၀ မတ်လကတည်းကစပြီး ခုချိန်ထိ relationship အများစုက LDRS အဖြစ်ရှိနေကြသူတွေများမယ်ထင်ပါတယ်။ အရင်ကဆို ချစ်သူရည်းစား တစ်ယောက်နဲ့တစ်ယောက်ကနယ်ဝေး၊ မြို့ဝေးမှာနေရမှသာ LDRS ဆိုပြီးပြောလို့ရပေမယ့် ခုအခြေနေမှာဆိုရင် အခက်ခဲအမျိုးမျိုးကြောင့် တစ်မြို့တည်းနေရတာတောင်မှ တစ်လတစ်ခါတွေ့ဖို့ခက်ခဲနေရသူတွေရှိတာကြောင့် LDRS များလိုပဲဖြစ်လာပါတယ်။
ဒီတော့ အနေဝေးရတဲ့ချစ်သူ အများစုကြုံတွေ့ရတတ်တဲ့၊ ပုံမှန် relationship တွေထက်ပိုတဲ့ ဆက်ဆံရေးကြားယုံကြည်မှုပြဿနာတွေ စကားတွေအများကြီးပြောချင်တာတွေ နားလည်မှုလွဲတတ်တာတွေ သူဘာတွေလုပ်နေမလဲဆိုပြီးတွေးနေရတာတွေ အပြင်မှာအမြန်ဆုံးတွေ့ချင်တာတွေ သတိရ ရတာတွေ စတဲ့ ပြဿနာလေးတွေကိုအနည်းနဲ့အများကြုံလာကြရပါတယ်။
ဒီကနေတစ်ဆင့် relationship တည်မြဲဖို့အတွက် အနှောင့်ယှက်ဖြစ်စေတဲ့အတွေးတွေ၊ ဝမ်းနည်းတဲ့စိတ်ခံစားချက်နဲ့ အတူ မလိုလားအပ်တဲ့ ကတောက်ကဆပြဿနာလေးတွေပါဖြစ်လာတတ်ပါတယ်။ ဒီလိုပြဿနာလေးတွေမဖြစ်ရအောင်လို့ LDRS တစ်ခုတည်မြဲနိုင်ဖို့အတွက် ပြုလုပ်ပေးနိုင်မယ့် relationship tips လေးတွေကို sharing လုပ်ပေးချင်ပါတယ်။
(၁) နေ့စဉ်အချိန်တစ်ခုသီးသန့်ပေးပြီးစကားပြောပေးပါ။
နေ့တိုင်းကိုယ့်ရဲ့အနားယူချိန်လေးကို သူ့အတွက်ပါမျှပေးပြီး အချိန်နည်းနည်းလေးဆိုရင်တောင်မှ video call, telephone call နဲ့စကားပြောပေးပါ။ ကိုယ်ကအလုပ်များတာကြောင့် အချိန်ပေးဖို့မအားဘူးဆိုရင်တောင် ချစ်သူကိုသေချာလေးပြောပြပြီးကိုယ်ဘာလုပ်နေတယ်ဆိုတဲ့ဓာတ်ပုံလေးပို့ပေးပါ။ ဒါမှတစ်ဖက်ကစိတ်ပူနေရသူကနည်းနည်းစိတ်သက်သာမှာပေါ့နော်။
(၂) အရေးကြီးတဲ့ရက်တွေမှာအတူမရှိဖြစ်ရင်တောင်သတိတရနဲ့လက်ဆောင်ပစ္စည်းလေးတွေပို့ပေးပါ။
လက်ဆောင်ပစ္စည်းကသေးသေးလေးဆိုရင်တောင်မှ သူကသေချာပေါက်သဘောကျမှာပါ။ ပစ္စည်းကိုလက်ခံရရှိလို့မဟုတ်ဘဲ ‘သူကကိုယ့်အပေါ်ဂရုစိုက်ပေးနေတာပဲ’ ဆိုတဲ့ခံစားချက်လေးကိုတစ်ဖက်သူကတန်ဖိုးထားတာပါ။
(၃) အပြင်မှာဆုံကြဖို့တွေးပေးပါ။
လုံးဝတွေ့ဖို့အဆင်မပြေတဲ့အခြေနေမဟုတ်ရင် သုံးလမှာတစ်ခါလောက်တော့တွေ့ဖို့ကြိုးစားပါ။ အနေဝေးရင် ကြားလူတွေရဲ့မဟုတ်တဲ့စကားတွေကဝင်လွယ်တတ်တယ်လေ။
(၄) တစ်ခုခုပြဿနာဖြစ်ရင် အချိန်အကြာကြီးပစ်မထားပါနဲ့။
ပြဿနာတစ်ခုခုဖြစ်တိုင်း ကိုယ့်ဖက်ကစိတ်ပြေပြီဆိုရင်မာနတွေတင်းခံမနေဘဲ တစ်ယောက် တစ်လှည့်ချော့တာမျိုးပဲဖြစ်ဖြစ် အရင်စချော့လိုက်ပါ။
(၅) ယုံကြည်ပေးပါ။
တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုရှိပေးပါ။ (တစ်ဖက်သူရဲ့ ယုံကြည်ပေးမှုကို အခွင့်ကောင်းမယူဖို့လည်းအရေးကြီးပါတယ်နော်)
ခုလိုမျိုးအချိန်ပေးတာတွေက အနေဝေးနေရတဲ့ချစ်သူများအတွက် အများကြီးအကူညီဖြစ်စေမယ်လို့ယုံကြည်ပါတယ်။ ခက်ခဲတဲ့ relationship ကိုသေချာလေးထိန်းထားနိုင်တဲ့အတွက်လည်း appreciate လုပ်ပါတယ်။
ဒါပေမယ့်လေ ချစ်သူကိုဘယ်လောက်ပဲယုံကြည်သည်ဖြစ်စေ အတွေးလွန်တတ်ပြီး အမြဲတမ်းစိတ်ပူနေရသူလေးတွေကတော့ LDRS အခြေနေကြီးကိုဖြတ်သန်းရတာအင်မတန်ခက်ခဲပါလိမ့်မယ်။
သူတို့မှာက အတိတ်မှာကြုံခဲ့ဖူးတဲ့ trust issue (ယုံကြည်ဖို့အတွက်ခက်ခဲနေတာ)၊ overthinking (အတွေးလွန်တာ)၊ emotional (တွေးတွေးပြီးတိုက်ဆိုင်တာကြုံတိုင်းစိတ်မကောင်းဖြစ်ရတာ)၊ အခြား relationship ကိုကြည့်ပြီးအားကျနေရတာ၊ ခုလိုဝေးနေရတဲ့အခြေနေကိုမုန်းတာ စတဲ့ပြဿနာလေးတွေရှိတတ်ပါတယ်။ ဒီလိုဖြစ်တတ်သူလေးတွေကိုတော့ စိတ်မပျက်ဘဲပိုပြီးတော့ချစ်ပေးပြီးဂရုစိုက်ပေးပါနော်။
ခုလိုမျိုး trust issue ခံစားရတာ၊ အတွေးလွန်တာက ကိုယ့်ရဲ့ relationship ကိုစတင်ပြီးထိခိုက်ပျက်စီးစေလာပြီဆိုရင်တော့ ဒီခံစားချက်ကိုရှင်းရှင်းလင်းလင်းသိနားလည်ပေးနိုင်ဖို့အတွက် ကိုယ်တိုင်ကဖြစ်စေ၊ ချစ်သူကနေတစ်ဆင့်ဖြစ်စေ သိနားလည်ပြီး relationship အတွက်အကြံဉာဏ်ပေးနိုင်မယ့် ဆရာ ဆရာမများနဲ့ဆွေးနွေးကြည့်ဖို့အတွက်အကြံပြုပါရစေရှင့်။
