မြန်မာလူမျိုးအချို့မှာ အမျိုးသမီးတွေဆိုရင် အားနည်းသူ၊ အားနွဲ့သူအဖြစ် မြင်တတ်ကြပြီး မိန်းကလေးမှန်ရင် အိမ်မှုကိစ္စကျွမ်းကျင်ပြီး ဗိုင်းကောင်းကျောက်ဖိနေနိုင်ရုံနဲ့တင် ကိုယ့်ဘဝကို ဦးစီးဦးဆောင်ပေးမယ့် ခင်ပွန်းကောင်းတစ်ယောက်ကို အားကိုးလို့ရတယ်ဆိုပြီး တွေးထင်တတ်ကြတဲ့ အမြင်ကျဥ်းမြောင်းသူတွေရှိတတ် ကြပါတယ်။
အဲဒါအပြင် မိန်းကလေးမို့ အိမ်ထောင်ကွဲတာမျိုးဆိုရင်လည်း အထူးရှက်ကြောက်စရာကိစ္စအဖြစ်နဲ့ မြင်တတ်ကြ ပြန်ပါတယ်။ ဒီလိုပြောလို့ အိမ်ထောင်တစ်ခုကို ဘာကိုမှဂရုမစိုက်ဘဲ လွယ်လွယ်လက်ထပ်၊ လွယ်လွယ်ကွဲလို့ ရတယ်လို့လည်း အစွန်းရောက်ပြောချင်တာမျိုးမဟုတ်ပါဘူး။ သူစိမ်းနှစ်ယောက်ပေါင်းဖက်ကြတဲ့ အိမ်ထောင်ရေး မှာ မတူညီတာတွေ၊ သဘောထားကွဲလွဲတာတွေကတော့ ရှိမှာပါပဲ။ အဲဒါကြောင့်ကိုပဲ နှစ်ယောက်စလုံး အပြန်အလှန်နားလည်သင့်တာနားလည်၊ ဖြေတွေးသင့်တာဖြေတွေး၊ ညှိနှိုင်းသင့်တာညှိနှိုင်းပြီးတော့ ရှေ့ဆက် ရတာပါ။ အဲဒီလိုနှစ်ဦးနှစ်ဖက်နားလည်ညှိနှိုင်းနိုင်တဲ့အိမ်ထောင်ရေးက အဆင်အပြေဆုံးပါပဲ။ အဲဒီလိုအမျိုးသမီး တွေဘက်ကိုနားလည်ပေးတတ်တဲ့အမျိုးသားတွေလည်း အများစုရှိပါတယ်။
မြန်မာမိန်းကလေးအများစု ကိုယ်တိုင်ကိုက ပတ်ဝန်းကျင်ကြောင့်ရော၊ ငယ်စဥ်ကတည်းက သွန်သင်ခံခဲ့ရတဲ့ အယူအဆတွေကြောင့် အိမ်ထောင်တစ်ခုကို အလွယ်တကူပြိုကွဲဖို့ရာ မဖြစ်ချင်ကြတဲ့သူတွေချည်းပါပဲ။ အဲဒီ့အတွက်ကိုပဲ အတတ်နိုင်ဆုံး မပြေလည်တာတွေကို သည်းခံ၊ ညှိနိုင်းလို့ရသမျှကို အစွမ်းကုန်ညှိ နှိုင်း၊ သည်းခံ သင့်တာအစွမ်းကုန်သည်းခံတတ်ကြပါတယ်။
သို့ပေမယ့်လည်း ကိုယ်တစ်ယောက်တည်းသည်းခံ၊ ပြင်ဆင်လို့မဖြစ်နိုင်တဲ့အိမ်ထောင်ရေးမှာကတော့ လုံးဝ အဆင်မပြေနိုင်တဲ့လူတစ်ယောက်နဲ့ သည်းခံပြီး ဘဝသက်တမ်းတစ်လျှောက်လုံး ရေငုံနုတ်ပိတ်ပြီး ခံစားနေရမယ်ဆိုရင်ရော လူဖြစ်ရကျိုးနပ်ပ့ါမလား။ လူသားတစ်ယောက်အနေနဲ့ ဘဝအတွက် မှန်ကန်ရဲ့လား။ အဲဒီ့အပြင် မွေးဖွားလာတဲ့သားသမီးတွေဟာလည်း မိဘလုပ်သူရဲ့ နာကျင်မှုကိုမြင်ပြီး သူတို့လေးတွေရဲ့ နုနယ်တဲ့ နှလုံးသားက ဘယ်လောက်တောင် နေ့စဥ် လောင်ကျွမ်းနာကျင်နေရမလဲ။ အိမ်ထောင်တစ်ခုမှာ သည်းခံလွန်း တဲ့လူက အမြဲနာကျင်ခံစားရသလို အမြဲအနိုင်ကျင့်တတ်လွန်းတဲ့မိဘကိုကြည့်ပြီး သားသမီးလေးတွေကရော စိတ်ဓာတ်တွေဘယ်လောက်ကွဲကြေပြီး ဘယ်လောက်စက်ဆုပ်နေလိုက်မလဲ။
လွန်ခဲ့တဲ့ ၅လ ၆လလောက်က ဖေ့ဘုတ်ပေါ်မှာ ပိုစ့်တစ်ခုဖတ်ခဲ့ရပါတယ်။ တိုက်ခန်းဝရံတာကနေ ပြုတ်ကျ သေဆုံးသွားခဲ့တဲ့အမျိုးသမီးတစ်ယောက်အကြောင်းပေါ့။ သေဆုံးသူအမျိုးသမီးဟာ အမြဲတမ်း ကြောက်လန့်နေတဲ့ ပုံစံရှိပါတယ်တဲ့။ အရင်အခေါက်တွေတုန်းကတော့ ဘေးပတ်ဝန်းကျင်အခန်းက အမတွေကို သူ့အမျိုးသားဟာ ဆေးနဲ့အရက်စွဲလမ်းနေသူဖြစ်ကြောင်း၊ ဆေးကြောင်၊ အရက်ကြောင်နေတဲ့အချိန်မျိုးမှာဆိုရင် အမျိုးသမီးကို ရိုက်နှက်တတ်ကြောင်း ရင်ဖွင့်တတ်ပါတယ်တဲ့။ သူမမှာ အသက်၅နှစ်အရွယ် သားလေးတစ်ယောက်ပါရှိပါ သေးတယ်။ သူမကို ရိုက်နှက်နေချိန်မျိုးဆိုရင် ကလေးငယ်ဟာကြောက်လန့်ငိုယိုပြီး အဖေလုပ်သူကို တောင်းပန် တတ်ပါတယ်ဆိုပြီး ပတ်ဝန်းကျင်ကို ရင်ဖွင့်တတ်ပါတယ်။ ပတ်ဝန်းကျင်ကလည်း ရဲတိုင်ဖို့နဲ့ ထိုအမျိုးသားကို ကွာရှင်းဖို့ဝိုင်းပြောခဲ့ကြပါတယ်တဲ့။ ဒါပေမယ့်နောက်ပိုင်းမှာတော့ ထိုအမျိုးသမီးလည်း ပတ်ဝန်းကျင်ကို အကူအညီမတောင်းရဲ၊ စကားလည်းမပြောရဲတော့လောက်အောင် သူမရဲ့ခင်ပွန်းဖြစ်သူဆေးသမားက ခြိမ်းခြောက် ထားပုံရတယ်လို့လည်း ပြောကြပါတယ်။ သူမတို့အခန်းက ရိုက်နှက်သံ၊ ငိုယိုသံကို ကြားနေပေမယ့်လည်း တိုက်ခန်းယဥ်ကျေးမှုအရ ဘယ်သူကမှ ဝင်ရောက်မဖြန်ဖြေကြတော့ပါဘူး.။ မကြာခင်မှာပဲ ထိုအမျိုးသမီးဟာ အိမ်နောက်ဖေးဝရံတာကနေ ပြုတ်ကျပြီး သေဆုံးနေတာကို တွေ့ကြရတာပဲဖြစ်ပါတယ်ဆိုပြီး ပိုစ့်တင် ထားခဲ့တာပါ။ ပတ်ဝန်းကျင်ကအပြောအရ သူမယောကျ်ားဆေးကြောင်ပြီး ရိုက်နှက်ချိန်မှာ ဝရံတာကနေ ထွက်ပြေးဖို့ကြိုးစားရင်း ခြေကျော်ကျခံတာဖြစ်ပုံရတယ်လို့ ဆိုပါတယ်။
မြန်မာအမျိုးသမီးအချို့ကို ငယ်စဥ်က သွန်သင်ခဲ့ဖူးကြတဲ့ “အိမ်ထောင်ကွဲတာမကောင်းဘူး၊ ကိုယ်ကသူ့ပဲ မှီခိုနေရတာမို့၊ သည်းခံလိုက်၊ ကလေးလည်း အဖေကွဲအမေကွဲဖြစ်တာမကောင်းဘူး၊ အနှိမ်ခံရမယ်” ဆိုတဲ့ အလားတူ စကားမျိုးတွေ ကြားဖူးကြမယ်ထင်ပါတယ်။ အဲဒီလိုအစွန်းရောက်နေတဲ့အတွေးအခေါ်အချို့ကြောင့်ပဲ အဲဒီလိုအသက်သေဆုံးတဲ့အထိဖြစ်ခဲ့တဲ့ အမျိုးသမီးတွေ၊ အိမ်ထဲမှာပဲ ရိုက်နှက်သမျှခံနေကြတဲ့အမျိုးသမီးတွေ၊ “အတွင်းမီးအပြင်မသယ်နဲ့” ဆိုတဲ့ စကားမျိုးကို လက်ခံပြီး သူမတို့ဘဝကို နစ်မွန်းခံနေကြပါတယ်။
အထက်က ကိစ္စမျိုးမှာဆိုရင် အမြဲလို ဆေးသမားအလိုကျ နေထိုင်နေရမယ့်အပြင် မိခင်ဖြစ်သူရော၊ သားသမီးဖြစ်သူမှာပါ အဖေကို ကြောက်လန့်နေတဲ့ဘဝနဲ့ဖြတ်သန်းနေရပါလိမ့်မယ်။ လူ့ဘဝဆိုတာ ရခဲလှပါ တယ်ဆိုပြီး မကြာမကြာကြားဖူးခဲ့ပါတယ်။ ရခဲလှတဲ့လူ့ဘဝကြီးကို အဲဒီလို ကုန်ဆုံးနေလို့ တန်ရဲလား။
အဲဒီ့အခါ ကိုယ့်သားသမီးဘဝ အေးချမ်းပျော်ရွှင်လွတ်လပ်စွာ ရှင်သန်နိုင်ဖို့ ကိုယ့်ဘဝအတွက် အိမ်ထောင်ဖက် ကောင်းမဖြစ်နိုင်တဲ့သူမျိုးကို စောစောသိ၊ စောစောရဲဝင့်စွာ စွန့်လွတ်ပြီး Single Mom အဖြစ်နဲ့ ဘဝကို အရှုံးမပေးဘဲ ရှေ့ဆက်လျှောက်ရဲတဲ့ သူရဲကောင်းတွေဟာ Single Mom တွေပါပဲ။ အဲဒါကြောင့် တခုလပ်၊ မုဆိုးမ၊ အိမ်ထောင်ကွဲ၊ အစွန့်ပစ်ခံ အမျိုးသမီးတွေဟာ နှိမ်စရာမဟုတ်ပါဘူး။ သာမန်လူတွေထက်ကို ပိုပြီး ရဲဝင့်သတ္တိရှိတဲ့ လူတွေဖြစ်ပါတယ်။
တကယ်တော့ Single Mom ဆိုတာက နှလုံးသားတစ်ခုတည်းရှိပေမယ့် ကိုယ့်သားသမီးလေးတွေကို နှစ်ယောက်စာ မေတ္တာပေးနိုင်သလို နှစ်ယောက်စာ တာဝန်ယူနိုင်တဲ့ အာဂမိခင်တွေပဲဖြစ်ပါတယ်။ အဲဒီ့အတွက် သူတို့ကို တတ်နိုင်သမျှကူညီပြီး တတ်နိုင်သမျှ လူသားချင်းစာနာစိတ်နဲ့ ဖေးမကြရမှာဖြစ်ပါတယ်လို့ တိုက်တွန်းလိုက် ရပါတယ်။
