အင်္ဂလန်နိုင်ငံအနာက်တောင်ဘက်က ကွန်ဝေါ်ကောင်တီဟာ မှော်ဆန်တဲ့နေရာတစ်ခုပါပဲ။ အဲဒီကောင်တီမှာ (၂၀၀) ဧကရှိတဲ့ ဥရောပရဲ့ အကြီးဆုံးဥယျာဉ်ကြီး Lost Gardens of Heligan လည်းရှိပြီး သစ်ပင်ပန်းပင်တွေကို ချစ်မြတ်နိုးသူတွေနဲ့ သဘာဝတရားကို ခံစားချင်တဲ့သူတွေ လာရောက်လည်ပတ်လို့အကောင်းဆုံးပါပဲ။ Heliganရဲ့အတွင်းဘက်မှာ လျှို့ဝှက်ဆန်းကြယ်မှုတွေကို တွေ့ရမှာဖြစ်ပြီး အဲဒီထဲက တစ်ခုဟာ Mud Maid အမည်ရတဲ့ ရုပ်တုကြီးပါပဲ။ အဲဒီရုပ်တုကြီးကို ဒေသတွင်းကအနုပညာရှင်မောင်နှမ ပီတီနဲ့ ဆူဟေးလ်တို့က ဖန်တီးခဲ့တာဖြစ်ပါတယ်။ ၁၉၉၇ခုနှစ်က အဲဒီရုပ်တုကို ဖန်တီးစေခဲ့ပြီး အဲဒီကတည်းက Lost Garden ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့တာဖြစ်ပါတယ်။
Mud Maid ဆိုတဲ့ ရုပ်တုကြီးက သက်ရှိရုပ်တုကြီးပါ။ ရုပ်တုရဲ့အဝတ်အထည်နဲ့ ဆံပင်တွေက ရာသီတစ်ရာသီပြောင်းတာနဲ့ မြက်ပင်၊ နွယ်ပင်၊ ရေညှိတွေ ပေါက်လာလိုက်၊ ခြောက်သွေ့သွားလိုက်ဖြစ်တဲ့အတွက် ပြောင်းလဲသွားတာကို ဆိုလိုတာပါ။ ပုံတွေကို ကြည့်လိုက်ရင် ရုပ်တုကြီးဟာ တစ်ရာသီနဲ့တစ်ရာသီမတူဘဲ အသွင်အပြင်ပြောင်းနေတာကို မြင်တွေ့ရမှာပါ။ နွေဦးရာသီနဲ့ နွေရာသီမှာ ရုပ်တုကြီးရဲ့အသွင်အပြင်ပြောင်းသလို ဆောင်းဦးရာသီနဲ့ ဆောင်းရာသီတွေမှာလည်း ပြောင်းသွားတာကို တွေ့ရမှာဖြစ်ပါတယ်။
The Lost Gardens of Heligan ဥယျာဉ်မှာ အိပ်ပျော်နေတဲ့အမျိုးသမီးအဖြစ် တင်စားထားတဲ့ The Mud Maid ရုပ်တုကြီးအပြင် အခြားရုပ်တုကြီးတွေလည်းရှိပါတယ်။ ဒါပေမဲ့ The Mud Maid ရုပ်တုကြီးက ဥယျာဉ်ကြီးမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အနှစ်သာရကို ယူဆောင်ပေးနိုင်ပါတယ်။ Mud Maid ကို သစ်နဲ့ ဘောင်ခတ်ပုံစံဖော်ပြီး ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ ဖန်တီးပုံဖော်တဲ့မောင်နှမ (၂)ဦးက အဲဒီဘောင်ခတ်ပုံဖော်ထားတဲ့ပေါ်မှာ စေးကပ်တဲ့ရွံ့တွေကို အသုံးပြုထားပါသေးတယ်။ ရုပ်တုရဲ့မျက်နှာကိုတော့ ရွံ့၊ သဲ၊ ဘိလပ်မြေတို့နဲ့ ပြုလုပ်ထားပါတယ်။ အစက သစ်ကပ်မှော်ပေါက်လာဖို့အတွက် ဒိန်ချဉ်နဲ့ အုပ်ထားခဲ့ပါသေးတယ်။ Maidရဲ့ဦးခေါင်းက Montbretia အပင်နဲ့ပြည့်နေပြီး အဝတ်အနေနဲ့ကတော့ နွယ်ပင်တွေပါပဲ။ Mud Maid ကို ဖန်တီးခဲ့တဲ့ မောင်နှမ(၂) ဦးနဲ့ သူတို့တွေ ဘယ်လိုလုပ်ခဲ့လဲဆိုတာကို ပုံမှာ မြင်တွေ့ရမှာပါ။
The Lost Gardens of Heligan ကို (၁၈) ရာစုတုန်းက Tremayne မိသားစုကတည်ထောင်ခဲ့တာဖြစ်ပြီး ဗြိတိန်ရဲ့ကျော်ကြားတဲ့ရုက္ခဗေဒဥယျာဉ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ပထမကမ္ဘာစစ်မတိုင်ခင်က ဥယျာဉ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ဥယျာဉ်မှူး (၂၂) ဦးကို ခန့်အပ်ထားခဲ့တာပါ။ ဒါပေမဲ့ စစ်ပွဲဖြစ်ပွားတဲ့အခါမှာ ဥယျာဉ်မှူးတော်တော်များများက ရှေ့တန်းထွက်ခဲ့ရပါတယ်။ ပထမကမ္ဘာစစ်ပြီးသွားတဲ့နောက်မှာ ဥယျာဉ်မှူးအရေအတွက်က လျော့နည်းလာပြီး မြေနေရာကလည်း ယိုယွင်းပျက်စီးလာခဲ့ရပါတယ်။ နောက်ပိုင်းမှာ ပြန်လည်ကောင်းမွန်လာခဲ့ပြီး နာမည်ကြီးဥယျာဉ်တွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။ နှစ်ပေါင်း (၄၀၀) သက်တမ်းရှိပြီးဖြစ်တဲ့ ဥယျာဉ်က နှစ်တိုင်း သက်ရှိရုပ်တုကြီးတွေနဲ့ အလည်အပတ်လာရောက်သူထောင်ချီကို ဆွဲဆောင်ထားတယ်လို့သိရပါတယ်။
