ကျောက်ကပ် ဆိုတာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အင်္ဂါရပ်ပါ။ လူအများသိထားကြတဲ့ ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်ပေးတာအပြင် သွေးနီဥထုတ်လုပ်တာ၊ ဗီတာမင်ဒီထုတ်လုပ်တာ၊ သွေးဖိအားကို ထိန်းချုပ်တဲ့ ဟော်မုန်းတွေ ထုတ်တာကိုလည်း လုပ်ပေးပါတယ်။ ဒါကြောင့် ကျောက်ကပ်လေး ရောဂါကင်းပြီး ကျန်းမာနေဖို့ အရေးကြီးပါတယ်။ ကျောက်ကပ်ပျက်စီးသွားရင် အညစ်အကြေးတွေ မစွန့်နိုင်ရုံသာမကဘဲ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ အများကြီး ဖြစ်လာနိုင်လို့ပါ။
ကျောက်ကပ် မှာ အဖြစ်များတဲ့ ရောဂါများ
နာတာရှည်ကျောက်ကပ်ရောဂါ
နာတာရှည်ကျောက်ကပ်ရောဂါက ကျောက်ကပ်ရောဂါတွေထဲမှာ အဖြစ်အများဆုံးပါ။ သွေးတိုးတာကြောင့် ဖြစ်တာ များပါတယ်။ သွေးတိုးတဲ့အခါ ကျောက်ကပ်ထဲက သွေးကြောလေးတွေပါ ဖိအားများပြီး ပျက်စီးလာပါတယ်။ ဒါကြောင့် ကျောက်ကပ်က ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့ပါဘူး။
ဒီလိုမျိုး ပြန်မကောင်းနိုင်လောက်အောင် ပျက်စီးသွားပြီဆိုရင် ကျောက်ကပ်ဆေးရပါတယ်။ ဒါပေမယ့် ကျောက်ကပ်ဆေးတာက ကျောက်ကပ်ရဲ့ အလုပ်ကို ကူလုပ်ပေးနေတာပဲဖြစ်ပြီး ပျက်စီးနေတဲ့ ကျောက်ကပ်ကို ပြုပြင်ပေးနေတာ မဟုတ်ပါဘူး။ လိုအပ်လာမယ်ဆိုရင်တော့ ကျောက်ကပ်အစားထိုးတဲ့ အဆင့်အထိ သွားရနိုင်ပါတယ်။
နောက်ထပ် နာတာရှည်ကျောက်ကပ်ရောဂါကို ဖြစ်စေတဲ့ အချက်တစ်ချက်ကတော့ ဆီးချိုပဲ ဖြစ်ပါတယ်။ သွေးထဲမှာ သကြားဓာတ်တွေ များလာတာနဲ့အမျှ ဆီးထဲမှာပါ လိုက်များလာပြီး ကျောက်ကပ်သွေးကြောတွေပါ ပျက်စီးလာပါတယ်။ ဒီလိုနဲ့ ကျောက်ကပ်က သူ့အလုပ်ဖြစ်တဲ့ အညစ်အကြေးတွေ သန့်စင်တာကို သေချာမလုပ်နိုင်ဘဲ ကိုယ်ထဲမှာ အဆိပ်အတောက်တွေ စုစည်းလာပါတယ်။
ကျောက်ကပ်ကျောက်တည်ခြင်း
ကျောက်တည်ရတဲ့ အကြောင်းအရင်းကတော့ သွေးထဲမှာရှိတဲ့ သတ္တုဓာတ်တွေ ဆီးထဲမှာ အနည်အနှစ်ကျပြီး ကျောက်ဖြစ်လာလို့ပါ။ ဒီလို ကျောက်တည်လာရာကနေ ကျောက်စလေးတွေ ဆီးပို့ပြွန်တစ်လျှောက် ဆင်းလာတဲ့အခါ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရပါတယ်။
ကျောက်ကပ် ရောင်ခြင်း
အတိအကျပြောရရင် ကျောက်ကပ်ထဲက အညစ်အကြေးတွေကို စစ်ပေးတဲ့ နေရာလေးတွေ ရောင်တာပါ။ ရောဂါပိုးတွေ၊ ဆေးဝါးတွေ၊ မွေးရာပါရောဂါတွေကြောင့် ဖြစ်တတ်ပါတယ်။ များသောအားဖြင့် သူ့အလိုလို ကောင်းသွားပေမယ့် ခဏခဏ ဖြစ်နေမယ်ဆိုရင် ကုသမှု ခံယူရမှာပါ။
ကျောက်ကပ်အရည်အိတ်တည်ခြင်း
Pokycystic kidney disease လို့ ခေါ်ပြီး ကျောက်ကပ်ထဲမှာ အရည်အိတ်တွေ တည်နေတာမျိုးပါ။ မျိုးဗီဇရောဂါပါ။ သာမန်အရည်အိတ်လေး တစ်လုံး၊ နှစ်လုံးတည်တာတဲ့ မတူပါဘူး။ ဒီအရည်အိတ်တွေကြောင့် ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်နိုင်ပြီး ကျောက်ကပ်ပျက်စီးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
ကျောက်ကပ်ပြည်တည်ခြင်း
ကျောက်ကပ်ပြည်တည်တာက ဆီးပိုးဝင်ရာကနေ အဖြစ်များပါတယ်။ အထူးသဖြင့် ဆီးလမ်းကြောင်းနဲ့ ဆီးအိမ်ပါ။ များသောအားဖြင့်တော့ အလွယ်တကူကုသလို့ရပါတယ်။ ခဏခဏ ဖြစ်မယ်။ သေချာမကုသဘူးဆိုရင်တော့ ကျောက်ကပ်အထိ ပိုးတွေ ပြန့်ပြီး ကျောက်ကပ်ပြည်တည်တတ်ပါတယ်။
ကျောက်ကပ် ရောဂါခံစားရတဲ့အခါ ဘာလက္ခဏာတွေ ပြမှာလဲ
ကျောက်ကပ်ရောဂါတွေက အများအားဖြင့် လက္ခဏာမပြတာ များပါတယ်။ လက္ခဏာပြတဲ့အခါမှာလည်း ရောဂါက ရင့်နေပါပြီ။ အောက်ကလက္ခဏာတွေ မကြာမကြာ ခံစားနေရရင်တော့ သတိထားသင့်ပါတယ်။နုံးတာ၊အာရုံစူးစိုက်လို့ မရတာ၊အိပ်မပျော်တ၊အစားအသောက်ပျက်တာ၊ကြွက်တက်တာ၊ခြေကျင်းဝတ်တွေ ဖောတာ၊မနက်အိပ်ရာနိုးနိုးချင်းမှာ မျက်နှာတွေ ဖောအစ်နေတာ၊အသားအရေတွေ ခြောက်ပြီး မည်းလာတာ၊ဆီးခဏခဏ သွားရတာ (အထူးသဖြင့် ညဘက်တွေမှာ) ဒီထက်ပိုဆိုးလာလို့ ကျောက်ကပ်ပျက်တဲ့ အဆင့်ထိရောက်လာပြီဆိုရင်တော့ ဆီးသွားတာ ပုံမှန်မဟုတ်တာ (ပုံမှန်ထက်များတာ၊ နည်းတာ)၊သွေးအားနည်းတာ၊သွေးတိုးထိန်းရခက်လာတာ၊ပိုဖောလာတာ၊သွေးတွင်းပိုတက်ဆီယမ် တက်လာတာ စတာတွေ ဖြစ်လာနိုင်ပါတယ်။
ဘယ်သူတွေမှာ ကျောက်ကပ်ရောဂါပိုဖြစ်နိုင်လဲ
အဖြစ်အများဆုံးကတော့ ဆီးချိုရောဂါရှိတဲ့သူတွေပါ။ ဆီးချိုကို ကောင်းကောင်းမထိန်းနိုင်လေလေ ကျောက်ကပ်ထိဖို့ အခွင့်အရေးများလေလေပါပဲ။ ဒါ့ပြင် သွေးတိုးရောဂါ၊အသက်အရွယ်ကြီးတာ၊မိသားစုထဲမှာ နာတာရှည် ဆီးချိုရောဂါရှိရင်လည်း ကိုယ့်မှာ ဖြစ်နိုင်ခြေများပါတယ်။
ကျောက်ကပ်ရောဂါကို ဘယ်လိုစစ်ဆေးနိုင်သလဲ
ကျောက်ကပ် ရောဂါကို စစ်ဆေးတဲ့အခါ လူနာအခြေအနေ၊ ရောဂါအခြေအနေပေါ်မူတည်ပြီး စစ်ဆေးရတာလေးတွေ ရှိပါတယ်။ အသုံးများတာတွေကတော့ GFR လို့ခေါ်တဲ့ ကျောက်ကပ်အလုပ်လုပ်နိုင်စွမ်းကို စစ်ဆေးတာ၊အယ်ထွာဆောင်းတွေ၊ ကွန်ပျုတာဓာတ်မှန်တွေ ရိုက်တာ၊ကျောက်ကပ်အသားစ စစ်ဆေးတာ၊ဆီးစစ်တာ၊ကျောက်ကပ်ဓာတ်လို့ လူသိများတဲ့ Creatinine စစ်တာတွေပဲ ဖြစ်ပါတယ်။
ကျောက်ကပ် ရောဂါကို ဘယ်လိုကုသနိုင်သလဲ
ကျောက်ကပ်ရောဂါကို ကုသတဲ့ နည်းကလည်း ရောဂါအခြေအနေ၊ လူနာအခြေအနေပေါ် မူတည်ပါတယ်။ ဆေးဝါးတွေ၊ ခွဲစိတ်နည်းတွေနဲ့ အများဆုံး ကုသပါတယ်။ ကျောက်ကပ်က ကုလို့မရအောင် ပျက်စီးနေပြီဆိုရင်တော့ ကျောက်ကပ်ဆေးတာ၊ ကျောက်ကပ်အစားထိုးတာတွေ လုပ်ရနိုင်ပါတယ်။
ကျောက်ကပ် ရောဂါမဖြစ်အောင် ဘယ်လိုနေထိုင်စားသောက်ကြမလဲ
အသက်ကြီးတာကြောင့်၊ မျိုးရိုးလိုက်တာကြောင့် ဖြစ်တဲ့ ကျောက်ကပ်ရောဂါတွေကို ကာကွယ်လို့ မရပေမယ့် ဖြစ်နိုင်ခြေနည်းသွားအောင်၊ တခြားအကြောင်းရင်းကြောင့် ကျောက်ကပ်မထိအောင် ကာကွယ်လို့ရပါတယ်။ နည်းလမ်းတွေကတော့ ရေများများသောက်ပါ။
ဆီးချို၊ သွေးတိုး စတဲ့ ရောဂါအခံတွေရှိရင် သေချာထိန်းထားပါ။ ဆားလျှော့စားပါ။ ဆေးလိပ်ဖြတ်ပါ။ အကိုက်အခဲပျောက်ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် မသောက်ပါနဲ့။
Takeaways
ကျောက်ကပ် က နှစ်လုံးရှိတယ်၊ ပျက်စီးသွားရင်တောင် အစားထိုးလို့ရတယ်၊ ကျောက်ကပ်တစ်လုံးတည်းနဲ့လည်း အသက်ရှင်နိုင်တယ်လို့ ပြောကြပေမယ့် တကယ့် လက်တွေ့မှာ ဝေဒနာတွေ အများကြီး ခံစားရပါတယ်။ ငွေကုန်ကြေးကျလည်း များပါတယ်။ ကျောက်ကပ်မကောင်းရင် နောက်ဆက်တွဲ ကိုယ်တွင်းအင်္ဂါတွေပါ ထိခိုက်နိုင်တာကြောင့် ကိုယ့်ရဲ့ ကျောက်ကပ်လေးကို ကောင်းကောင်းလေး စောင့်ရှောက်ဖို့ အကြံပြုချင်ပါတယ်။
Credit;
