၁။ သွားကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်တိုက်ပါ။
သွားတိုက်တဲ့အချိန်ဟာ မနက်အိပ်ယာထချိန်နဲ့ ညအိပ်ယာဝင်ကာနီး အချိန်ဖြစ်ဖို့အရေးကြီးပါတယ်။ မနက်အိပ်ယာထချိန်မှာ ညအိပ်ထားတဲ့အရှိန်နဲ့ ပါးစပ်ထဲ တံတွေးများ အနည်းငယ်ခြောက်နေသလို ဘက်တီးရီးယားပွားများနေတာကြောင့် နိုးလာတဲ့အချိန် ခံတွင်းအနံ့ (Morning Breath) ကျန်နေတတ်ပါတယ်။ ဒါကြောင့် မနက်ခင်းမှာ သွားတိုက်ရပါမယ်။ ညဘက်သွားတိုက်ချိန်ကိုလည်း အစာလုံးဝမစားဘဲ အိပ်ကာနီး နာရီဝက်အလိုလောက် တိုက်ပေးတာက သင်အိပ်ပျော်နေချိန် ခံတွင်းထဲ ဘက်တီးရီးယားပေါက်ဖွားနှုန်းကို လျှော့ချပေးနိုင်ပါတယ်။
၂။ လျှာခြစ်ဖို့ မမေ့ပါနဲ့။
အစာစားပြီးနောက် သွားတွေမှာအရိအချွဲကပ်သလိုပဲ လျှာပေါ်မှာလည်း အရိအချွဲတွေက အမြဲတင်ကျန်နေပါတယ်။ ဒါကြောင့် တစ်နေ့ကို တစ်ကြိမ်လောက် လျှာခြစ်တံနဲ့ လျှာပေါ်က အရိအချွဲတွေကို ဖြည်းညင်းစွာ ခြစ်ပေးဖို့လိုပါတယ်။ အဲဒီလိုမှ မခြစ်ဘူးဆိုရင် ကြာလာတဲ့အခါ လျှာကဝါထိန်ပြီး ခံတွင်းအနံ့ဆိုးတွေ ဖြစ်စေနိုင်ပါတယ်။
၃။ သွားပွတ်တံကို မှန်ကန်စွာရွေးချယ်ပါ။
ကိုယ့်ရဲ့ခံတွင်းက ထိခိုက်လွယ် Sensitive type မျိုးဆိုရင် အလွန်နူးညံ့တဲ့အမွေးနဲ့ သွားပွတ်တံမျိုးကို ရွေးချယ်သင့်ပါတယ်။ သွားမညီညာဘဲ ထပ်နေတဲ့သူတွေဆိုရင် သွားကြားထဲထိ သေချာတိုက်နိုင်ဖို့အတွက် အမွေးမျက်နှာပြင်ကျယ်တဲ့သွားပွတ်တံမျိုး ဝယ်သုံးသင့်ပါတယ်။ ဘယ်လိုသွားပွတ်တံမျိုး ရွေးချယ်ရမလဲမသိဘူးဆိုရင်တော့ သွားနဲ့ခံတွင်းဆရာဝန်ထံ သင့်တော်မယ့်သွားပွတ်တံပုံစံမျိုး ညွှန်ခိုင်းလို့ရပါတယ်။
၄။ သွားပွတ်ကြိုး Floss သုံးပါ။
မြန်မာနိုင်ငံမှာတော့ သုံးတဲ့သူရှားပေးမယ့် Floss က ခံတွင်းကျန်းမာရေးကို အလေးအနက်ထားသူတိုင်း အသုံးပြုသင့်တဲ့ ပစ္စည်းပါ။ ချည်ကြိုးလေးကို လိုသလောက်ဖြတ်ယူပြီး သွားတစ်ချောင်းချင်းစီရဲ့ ကြားထဲက စားကြွင်းစားကျန်များကို ဖယ်ထုတ်ခြင်းဖြင့် ဘက်တီးရီးယားပေါက်ဖွားမှု၊ ခံတွင်းအနံ့ဆိုး နည်းသွားသလို သွားချေးကျောက်များလည်း အလွယ်တကူ မတက်နိုင်တော့ပါဘူး။
ဒီ ၄ ချက်ကတော့ သွားနဲ့ခံတွင်းကျန်းမာရေးအတွက် လူတိုင်းလုပ်သင့်တဲ့ အခြေခံအဆင့် (၄) ဆင့်ပဲဖြစ်ပါတယ်။ သွားနဲ့ ခံတွင်းဆရာဝန်ထံ ၆ လတစ်ကြိမ် သွားရောက်ပြသပြီး ကိုယ့်ရဲ့သွားအခြေအနေကို စစ်ဆေးကြည့်တာ၊ သန့်ရှင်းရေးလုပ်ပေးတာကလည်း သင့်ကျန်းမာရေးအတွက် အကျိုးထူးရှိစေမှာပါ။
credit-Healtppy – ဟက်ပီး
