စိတ်ဓာတ်ကျနေသူတစ်ဦးကို ကူညီချင်တဲ့ စေတနာရှိပေမယ့် အောက်ပါစကားလုံးတွေက သူတို့ရဲ့ စိတ်ကို ပိုပြီး ဝန်ပိစေတတ်ပါတယ်။
“စိတ်ကို တင်းထားစမ်းပါ၊ အကောင်းမြင်စမ်းပါ”
ဘာကြောင့်လဲဆိုရင် စိတ်ဓာတ်ကျခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ဖျားနာမှုလိုပဲ စိတ်ဆန္ဒတစ်ခုတည်းနဲ့ ပြင်လို့မရတာကြောင့် ဒီစကားက သူတို့ကို “ငါကပဲ စိတ်ဓာတ်ညံ့နေတာလား” ဆိုတဲ့ အတွေးမျိုး ဝင်စေပါတယ်။
“မင်းထက် ဆိုးတဲ့သူတွေ အများကြီးပါ”
ဘာကြောင့်လဲဆိုရင် ဒါဟာ သူတို့ရဲ့ ခံစားချက်ကို သေးသိမ်သွားစေပါတယ်။ သူတစ်ပါး ပိုဆိုးနေတာကို သိလိုက်ရုံနဲ့ သူတို့ရဲ့ နာကျင်မှုက ပျောက်ကွယ်မသွားပါဘူး။
“ဘာဖြစ်လို့ စိတ်ညစ်နေတာလဲ? မင်းမှာ အားလုံးပြည့်စုံနေတာပဲ”
ဘာကြောင့်လဲဆိုရင် စိတ်ဓာတ်ကျခြင်းဟာ အောင်မြင်မှု၊ ချမ်းသာမှုတွေနဲ့ မဆိုင်ပါဘူး။ ဒီစကားက သူတို့ကို အပြစ်မရှိဘဲ အပြစ်ရှိသလို ခံစားရစေပါတယ်။ (Guilt feeling ဖြစ်စေပါတယ်)
အဲဒီအစား “ပြောပေးသင့်တဲ့” ခွန်အားဖြစ်စေမည့် စကားလုံးများ
သူတို့ရဲ့ ဝေဒနာကို ချက်ချင်းပျောက်အောင် မလုပ်ပေးနိုင်ရင်တောင် အောက်ပါစကားလုံးတွေက သူတို့ကို အထီးမကျန်စေတော့ပါဘူး။
“မင်းဘယ်လို ခံစားနေရလဲဆိုတာ ငါ့ကို ပြောပြလို့ရတယ်၊ ငါ နားထောင်ပေးမယ်”
အကြံဉာဏ်ပေးတာထက် နားထောင်ပေးတာက ပိုထိရောက်ပါတယ်။
“အခုလို ဖြစ်နေတာ မင်းအပြစ်မဟုတ်ပါဘူး၊ ငါ မင်းဘေးမှာ ရှိနေပေးမယ်”
သူတို့မှာ အဖော်ရှိတယ်ဆိုတဲ့ လုံခြုံမှုကို ပေးပါ။
“ငါ မင်းကို ဘယ်လိုကူညီပေးရမလဲ? (ဥပမာ- အစားအသောက် ဝယ်ပေးရမလား၊ ဒါမှမဟုတ် အပြင် ခဏထွက်မလား)”
လက်တွေ့ကျတဲ့ အကူအညီလေးတွေ ကမ်းလှမ်းပါ။
စိတ်ဓာတ်ကျခြင်းရဲ့ သံသရာ (Depression Cycle)
ဒီပုံမှာ မြင်ရတဲ့အတိုင်း စိတ်ဓာတ်ကျခြင်းဟာ အဆိုးမြင်အတွေးတွေကနေ စွမ်းအင်ကုန်ခမ်းတာ၊ အဲဒီကနေ ဘာမှမလုပ်ချင်တာ၊ ပြီးရင် ကိုယ့်ကိုယ်ကိုယ် အပြစ်ပြန်တင်တာဆိုတဲ့ သံသရာထဲ ပတ်ချာလည်နေတတ်ပါတယ်။ ဒီသံသရာကို ဖြတ်တောက်ဖို့ဆိုတာ နားလည်မှုနဲ့ စိတ်ရှည်မှု အများကြီး လိုအပ်ပါတယ်။
စကားလုံးတွေဟာ လူတစ်ယောက်ကို ပြန်လည်ရှင်သန်စေနိုင်သလို၊ ပိုပြီးလည်း နာကျင်စေနိုင်ပါတယ်။ Hug Myanmar ပရိသတ်ကြီးအနေနဲ့လည်း ဘေးနားက စိတ်ပင်ပန်းနေသူတွေကို စာနာနားလည်မှုအပြည့်နဲ့ ဖေးမနိုင် ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
