ပြည်ဝင်ပြည်ထွက် ယတြာပြုလုပ်သင့်သောသူများ
စီးပွားရေး၊ ငွေရေးကြေးရေး၊ အချစ်ရေး၊ အိမ်ထောင်ရေး၊ နိုင်ငံခြားခရီး အဆင်မပြေဖြစ်နေသူများ၊ စီးပွားကျနေသူများ၊ အမှုအခင်းကြုံတွေ့နေရသူများ၊ အခက်အခဲအကြပ်အတည်းများနှင့် ကြုံတွေ့နေရသူများ၊ အကြွေးတင်ပြီး အကြွေးအမြန်ကြေလိုသူများ ၊ ကျန်းမာရေးဆိုးဆိုးဝါးဝါး ညံ့နေသူများ၊ ဘာပဲလုပ်လုပ် အဆင်မပြေဖြစ်သူများ (အခက်အခဲ ဒုက္ခအမျိုးမျိုး ကြုံတွေ့ ခံစားနေရသူများ )
စနေသက်ရောက် ဘဝပျက်ကိန်းကြုံနေသူများ
စနေသက်ရောက်ဘဝပျက်ကိန်းဆိုတာ မိမိရဲ့ ရောက်နေဆဲအသက်ကိုတည်ပြီး (၈)နဲ့စား လိုက်ပါ။
တနင်္ဂနွေသားသမီးများ (၅)ကြွင်းသော အသက်အပိုင်းအခြား
တနင်္လာသားသမီးများ (၄)ကြွင်းသော
အင်္ဂါသားသမီးများ (၃)ကြွင်းသော
ဗုဒ္ဒဟူးသားသမီးများ (၂)ကြွင်းသော
ကြာသပတေးသားသမီးများ (ဝ) ကြွင်းသော
သောကြာသားသမီးများ (၆)ကြွင်းသော
စနေသားသမီးများ (၁) ကြွင်းသော အသက်အပိုင်းအခြားကို ဆိုလိုတာဖြစ်ပါတယ်။
မကောင်းသော အတိတ်နိမိတ် ၊ အိပ်မက် ကြုံတွေ့နေရသူများ
ပြည်ဝင်ပြည်ထွက် ယတြာအမျိုးမျိုးရှိတဲ့အနက် ကျနော်လုပ်ခိုင်းလေ့ရှိတဲ့ လွယ်ကူတဲ့ ယတြာ ကတော့
(၁) ပြည်ဝင်မည့်နေ့ စနေနေ့( ပြည်မြို့ကိုသွားရမယ်)
(၂) အဝတ်ဟောင်းတစ်စုံဝတ်သွားပါ ( စွန့်ပစ်ရန်)
(၃) အဝတ်အပိုတစ်စုံယူသွားပါ …။
(၄) အဖိုးတန် ရတနာများ ဝတ်မသွားရပါ …။
(၅) ပိုက်ဆံ များများစားစား ပိုပိုလျှံလျှံ ယူမသွားရပါ …။ (လိုသလောက်ပဲယူရန်)
(၆) နေ့ချင်းပြန်သွားလည်းရပါတယ် …။ တစ်ညအိပ်လည်းရပါတယ် …။ တစ်ညအိပ်နိုင်ရင် ပိုကောင်းပါတယ် …။
တစ်နေကုန် ပြည်မြို့ထဲ လည်ပြီး ဘုရားတွေဖူးပါ …။ လျှောက်လည်ပါ …။ အစားအသောက်တွေ စားပါ …။ (ပြေပြေလည်လည် ဖြစ်သွားအောင်)
(၇) ပြည်ထွက် – နေ့ချင်းပြန်ဆိုရင်တော့ အသွားတုန်းက ဝတ်သွားတဲ့အဝတ်အစားတွေကို လဲပြီး ပြည်ကနေပြန်အထွက် အပြန်လမ်းမှာ လမ်းဆုံလမ်းခွက အမှိုက်ပုံးမှာ စွန့်ပစ်ခဲ့ပါ …။ ( ငါမှာရှိတဲ့ ကံအခိုက်အညံ့တွေ ၊ ငါကြုံနေရတဲ့ အခက်အခဲအကြပ်အတည်း ဒုက္ခတွေ ၊ စိတ်ပူပန်စရာတွေ မကောင်းတဲ့အရာတွေအားလုံး ပါသွားပါစေလို့ဆုတောင်းပါ)
(၈) ပြည်မှာ ညအိပ်မယ်ဆိုရင်တော့ လူနေအိမ်မဟုတ်တဲ့ ဘုန်းကြီးကောင်း ၊ သီလရှင်ကျောင်း ၊ ဓမ္မာရုံ ၊ ရိပ်သာ ၊ ဘုရား စသည်တို့တွင် အိပ်ရပါမယ် …။ (ခြွင်းချက်အနေနဲ့ ခေတ်ကာလ အခြေအနေအရ အဲ့ဒီနေရာတွေမှာ တည်းခိုဖို့ အခက်အခဲရှိရင် ဟိုတယ် တည်းခိုခန်းများတွင် အိပ်စက်နိုင်ပါတယ် )
အဲ့ဒီစနေညမှာလည်း ပုတီးစိပ်ခြင်း ၊ တရားထိုင်ခြင်း ၊ ဘုရားဝတ်ပြုခြင်းများ ပြုလုပ်ပြီး အပင်ပန်းခံရပါမယ် …။ ဘုန်းကြီးကျောင်း သီလရှင်ကျောင်း ရိပ်သာဘုရားမှာ သန့်ရှင်းရေး လုပ်ပေးတာ ဝေယျာဝစ္စကူညီလုပ်ကိုင်ပေးတာ စတာတွေလည်း လုပ်နိုပါတယ် …။ အပင်ပန်းခံ လေ ပိုကောင်းလေ …။
(၉) ပြည်ထွက် နောက်နေ့မနက် စနေညမှာ ဝတ်အိပ်ထားတဲ့ အဝတ်အစားတွေကိုလဲပြီ၊ အပြန်ကျရင် လမ်ဆုံလမ်းခွက အမှိုက်ပုံးမှာ ဆုတောင်းရင်းစွန့်ပစ်ခဲ့ပါ …။ (ငါမှာရှိတဲ့ ကံအခိုက်အညံ့တွေ၊ ငါကြုံနေရတဲ့ အခက်အခဲအကြပ်အတည်း ဒုက္ခတွေ ၊ စိတ်ပူပန်စရာတွေ မကောင်းတဲ့အရာတွေအားလုံး ပါသွားပါစေလို့ဆုတောင်းပါ )
မှတ်ချက်။ ပြည်မြို့နဲ့နီးတဲ့သူများပြုလုပ်နိုင်ရန်အတွက် ပြည်မြို့ကို ဦးတည်ပြီး ဖော်ပြပေးတာပါ။ ပြည်မြို့မနီးတဲ့သူများ၊ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့သူများကတော့ နီးစပ်ရာမြို့တွေမှာ ဉာဏ်ရှိသလို ပြုလုပ်နိုင်ပါတယ် …။
ရှေးဆရာများ လမ်းညွှန်တဲ့ ခက်ခက်ခဲခဲ ပြုလုပ်ရတဲ့ ပြည်ဝင်ပြည်ထွက် ယတြာကိုလည်း ဖော်ပြပေးလိုက်ပါတယ် …။ ကိုယ်တိုင် ချေချင်လို့ပဲဖြစ်ဖြစ် ၊ ဗဟုသုတအနေနဲ့ဖတ်ဖို့ပဲ ဖြစ်ဖြစ် ဖတ်ပြီးရင် အကျိုးရှိမယ်လို မျှော်လင့်ပါတယ်။
