သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးတွေမှာ အဖြစ်များဆုံး ကင်ဆာတွေထဲက ကင်ဆာရောဂါ တစ်ခုပါ။ဆေးပညာရှင်တွေက သားအိမ်ခေါင်းကို တို့ဖတ်နဲ့ တို့ယူကာ သားအိမ်ခေါင်းမှဆဲလ်များကို စစ်ဆေးခြင်း(Papanicolaou (Pap) smear )ကိုကျယ်ကျယ်ပြန့်ပြန့်စတင်အသုံးပြုခဲ့တဲ့ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်းကစပြီး စောစောသိ စောစောကုကာ ကုသခဲ့တာမို့ ဖြစ်ပွားနှုန်း တဖြည်းဖြည်းကျဆင်းခဲ့ပါတယ်။သားအိမ်ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေးပေါ်လာတဲ့အခါ ပိုမို ကာကွယ်လာနိုင်ပါတယ်။သားအိမ်ခေါင်းကင်ဆာကHumanpapillomavirus (HPV) ကြွက်နို့ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ရတာပါ။ ဒီပိုးက လိင်ဆက်ဆံတာကတစ်ဆင့်အဓိကကူးစက်ပါတယ်။
ဖြစ်နိုင်ချေ များသူများ
၁။လိင်ဆက်ဆံသူ များခြင်း
၂။မိမိ ဒါမှမဟုတ် လိင်ဆက်ဆံဘက်တွင် ကြွက်နို့ပေါက်နေခြင်း
၃။ငယ်ငယ်ရွယ်ရွယ်(၁၈ မပြည့်ခင်)လိင်ဆက်ဆံခြင်း
၄။လိင်မှဆစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါများ ရှိနေခြင်း(ဥပမာ HIV)
၅။အိမ်ထောင်ပြု၊ကလေးမွေး၊ကလေးအရေအတွက်များခြင်း
၆။ဆေးလိပ်သောက်ခြင်း
ဒါပေမဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဒီကင်ဆာရောဂါကြောင့် အသက်ဆုံးရှုံးရသူတွေ များနေဆဲပါပဲ။ မြန်မာနိုင်ငံမှာ သားအိမ်ခေါင်းကင်ဆာက အသက် ၁၅ နှစ်နဲ့ ၄၄ နှစ်ကြား အမျိုးသမီးတွေမှာ အဖြစ်များဆုံး ကင်ဆာရောဂါတစ်မျိုးပါ။ဒါကြောင့် အမျိုးသမီးတိုင်းဟာ ဒီကင်ဆာရဲ့
လက္ခဏာတွေကို သိဖို့ လိုအပ်ပါတယ်။စောစောစစ်၊စောစောသိ၊စောစောကုတာက အသက်ကို ကယ်တင်နိုင်ပါတယ်။သားအိမ်ခေါင်းကင်ဆာကို စောစော သိဖို့က မလွယ်ကူပါဘူး။တခြားတစ်သျှူးတွေဆီ ရောဂါ ပျံ့နှံ့တဲ့အထိအမျိုးသမီးများကရောဂါလက္ခဏာတွေ မခံစားရပါဘူး။
စောစောသိဖို့က သားအိမ်ခေါင်းတို့ဖတ်ယူကာ သားအိမ်ခေါင်းမှဆဲလ်များကို စစ်ဆေးခြင်း(Papanicolaou (Pap) smear )ပါပဲ။ဒါပေမဲ့အောက်ပါလက္ခဏာ ၁၀ ခုကို တွေ့ရင် နီးရာဆရာဝန်နဲ့ ပြသကာ အကြံဉာဏ်ယူပါ။
၁။လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း
လိင်ဆက်ဆံပြီးနောက် သွေးထွက်တာကပုံမှန်မဟုတ်တာမို့ အထူးသဖြင့် မကြာခဏ ကြုံတွေ့နေပါက နီးရာဆရာဝန်နဲ့ ချက်ချင်းတိုင်ပင်ပါ။ဒါဟာ သားအိမ်ခေါင်းကင်ဆာ ဒါမှမဟုတ် ရောဂါပိုးကူးစက်မှုရဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။
၂။သွေးဆုံးပြီးနောက် မိန်းမကိုယ်မှ သွေးဆင်းခြင်း
အကယ်လို့ သင်က သွေးဆုံးပြီးနောက် ရာသီကာလလို့ သွေးပြန်ဆင်းနေတာက ပုံမှန်မဟုတ်ပါ။ နီးရာဆရာဝန်နဲ့ ချက်ချင်းတိုင်ပင်ပါ။ကင်ဆာဖြစ်နိုင်သလို တခြားရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။
၃။ရာသီစက်ဝန်းနှစ်ခုကြား သွေးဆင်းခြင်း
ရာသီစက်ဝန်းနှစ်ခုကြား သွေးအနည်းငယ်ဆင်းတာက ဖြစ်စေတဲ့ အကြောင်းအရာ အများကြီးပါ။ တချို့ကသာမန်ဖြစ်ပေမယ့် တချို့က ပြင်းထန်နိုင်ပါတယ်။ရာသီစက်ဝန်းနှစ်ခုကြား သွေးဆင်းနေရင် နီးရာဆရာဝန်ပြသင့်ပါတယ်။
၄။မိန်းမကိုယ်သန့်ရှင်းရေးလုပ်ပြီးနောက် (ဒိုချီ) သွေးဆင်းခြင်း
မိန်းမကိုယ်သန့်ရှင်းရေးလုပ်ပြီးနောက်သွေးဆင်းတာက ပုံမှန်မဟုတ်ပါဘူး။ ဒါဟာ ကင်ဆာရောဂါ ဖြစ်နိုင်တာမို့ နီးရာဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
၅။ တင်ပဆုံနဲ့ မိန်းမကိုယ်စမ်းသပ်စဉ်သွေးဆင်းခြင်း
တင်ပဆုံနဲ့ မိန်းမကိုယ်စမ်းသပ်စဉ်သွေးဆင်းတာက လည်း ပုံမှန်မဟုတ်တာမို့ ပေါ့ဆ မနေသင့်ပါဘူး။
၆။ပုံမှန်ဆင်းနေကျ ရာသီသွေးထွက် အများကြီးဆင်းလာခြင်း
ပုံမှန်ဆင်းနေကျ ရာသီသွေးထွက် အများကြီးဆင်းလာတာက ဘာကြောင့်ဆိုတာ ခန့်မှန်းပြောဆိုရတာ ခက်ခဲပါတယ်။ဥပမာအနေနဲ့ အမျိုးသမီးတွေက ရာသီဥတုပြောင်းလဲချိန် ရာသီသွေးများတတ်ပါတယ်။ဒါပေမဲ့ ပုံမှန်ထက်ပိုမိုများတဲ့ ရာသီလာနေရင် ဆရာဝန်နဲ့ ပြသသင့်ကာ ဘာကြောင့်လဲဆိုတာကို အဖြေရှာသင့်ပါတယ်။
၇။ရာသီသွေးအများကြီး ရက်ကြာရှည်စွာဆင်းခြင်း
ရာသီသွေးအများကြီး ရက်ကြာရှည်စွာဆင်းရင်၊ပုံမှန်ဆင်းတဲ့ ရက်ထက် ပိုကြာနေရင် ဆရာဝန်နဲ့ဆွေးနွေးဖို့ လိုပါတယ်။ ဒါဟာ ကင်ဆာရောဂါဖြစ်နိုင်ပါတယ်။
၈။မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော အရည်ဆင်းခြင်း
မိန်းမကိုယ်ကနေ အရည်မဆင်းတဲ့ အမျိုးသမီးဆိုတာ မရှိပါဘူး။ဒါပေမဲ့ အရည်တွေက အရောင်ပြောင်းရင် ၊သွေးရောင်ပေါက်နေရင် ၊ပမာဏများလာ ၊နံနေရင် ၊ပြည်ဆင်းရင်၊ အရိအချွဲဆင်းရင် ဆရာဝန်နဲ့ ပြသာကာ အကြံဉာဏ်ယူ ကုသစစ်ဆေးဖို့ လိုပါတယ်။
၉။ချစ်တင်းနှောစဉ် နာကျင်ခြင်း
ပုံမှန် မူမှန် လိင်ဆက်ဆံရာမှာ အလွန်အမင်းနာကျင်တာက သားအိမ်ခေါင်းကင်ဆာက အခြားတစ်ရှူးတွေဆီ ပျံ့နှံ့နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဆရာဝန်နဲ့ ပြသသင့်ကာ ဘာကြောင့်လဲဆိုတာကို အဖြေရှာသင့်ပါတယ်။
၁၀။တင်ပါးဆုံရိုး၊တင်ပါးဆုံတစ်ဝိုက်နာကျင်နေခြင်း၊မိန်းမကိုယ်အတွင်းပိုင်း နာကျင်ကိုက်ခဲခြင်း
တင်ပါးဆုံတစ်ဝိုက်နာကျင်နေခြင်း၊မိန်းမကိုယ်အတွင်းပိုင်း နာကျင်ကိုက်ခဲခြင်းကကင်ဆာဖြစ်နိုင်ချေကို မေ့ထားလို့ မရပါဘူး။ ဒါဟာ စစ်ဆေးကုသဖို့ လိုအပ်ပါတယ်။သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး က အလွယ်တကူထိုးလို့ ရပါတယ်။နီးရာ ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးပါ။ ယခုအခါ နိုင်ငံတော်စီမံချက်နဲ့လည်း ထိုးပေးနေပါပြီ။အသက် ၉နှစ်နဲ့ ၁၅ နှစ်ကြား မိန်းကလေးများကာကွယ်ဆေးနှစ်ကြိမ် ခြောက်လခြားကာထိုးရ။အသက် ၁၅ နှစ်အထက် မိန်းကလေးများကာကွယ်ဆေး သုံးကြိမ်ထိုးရပါမယ်။
ပထမအကြိမ်
ဆရာဝန်နဲ့တိုင်ပင်ပြီထိုးရန်။
ဒုတိယအကြိမ်
ပထမအကြိမ်ထိုးသည့်ရက်မှ နှစ်လအကြာ။
တတိယအကြိမ်
ပထမအကြိမ်ဆေးထိုးပြီး ၆လအကြာတွင် ထိုးရန် လိုအပ်ပါတယ်။
Credit-ဟမ်စိုင်း(ဆေး-မန်း)
