လူတစ်ယောက်မှာကိုဗစ်ဖြစ်လာရင် “Vital Signs” လို့ခေါ်တဲ့ အသက်ရှင်ရေးအတွက်အရေးကြီးတဲ့ လက္ခဏာတွေကိုစောင့်ကြည့်ဖို့လိုပါတယ်။

ကိုဗစ်မှာ အိမ်မှာနေရင်း လူတိုင်းစောင့်ကြည့်သင့်တဲ့ Vital Signs (၅) မျိုးကို သေချာမှတ်တမ်းတင်ထားဖို့လိုအပ်ပါတယ်။ စောစောသိရင်စောစောကုနိုင်ပါတယ်။

(၁) SpO2% လို့ခေါ်တဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏရာနှုန်း

SpO2 ကို အောက်ဆီမီတာလို့ခေါ်တဲ့ အိမ်သုံးစက်သေးသေးနဲ့တိုင်းပါတယ်။ စက်ကတိကျဖို့လိုပါတယ်။ လက်ချောင်းလေးထိပ်မှာတပ်ပြီးတိုင်းပါတယ်။ကျန်းမာတဲ့လူတစ်ယောက်မှာ အနည်းဆုံး 95% ကနေ 100% အထိရှိပါတယ်။

🇺🇸 အမေရိကန် CDC က SpO2 ဟာ 94% ထက်လျော့ရင်၊ အသက်ရှုနှုန်း တစ်မိနစ်ကို အကြိမ် (၃၀) အထက်ဖြစ်နေရင် Severe Illness စနေပါပြီလို့သတ်မှတ်ပါတယ်။

(၂) Respiratory rate အသက်ရှုနှုန်း

ဘာစက်မှမလိုပဲ ဖုန်း Timer 🕛 နဲ့ တစ်မိနစ်ကို အသက်ဘယ်နှစ်ကြိမ်ရှုလည်းစောင့်မှတ်ပါ။ ပုံမှန်လူတစ်ယောက်ဟာ နားနေရင် တစ်မိနစ်ကို (၁၂ ကြိမ် မှ အကြိမ် ၂၀) အထိရှိပါတယ်။အကယ်လို့ အသက်ရှုနှုန်း ၁၂ ကြိမ်အောက်ရောက်နေရင် (သို့မဟုတ်) ၂၅ ကြိမ်ထက်ပိုရင် ပုံမှန်မဟုတ်တော့ပါဘူး။ အဲ့ဒါဆိုရင် asthma ရင်ကျပ်ရှိနေလား၊ စိတ်သောကရှိနေလား၊ အဆုတ်နမိုးနီးယားဝင်နေပြီလား၊ နှလုံးမကောင်းတာလား၊ ဆေးတစ်ခုခုသုံးထားလို့လား၊ အဆုတ်ပြဿနာရှိနေပြီလား တစ်ခုခုပါ။

(၃) Pulse သွေးခုန်နှုန်း (PR)တစ်မိနစ်မှာနှလုံးခုန်နှုန်းပါ။

နားနေချိန်မှာ Pulse rate (PR) နည်းပြီး အားကစားလုပ်နေချိန်မှာ PR များပါတယ်။ပုံမှန်ကျန်းမာသူတစ်ယောက်ဟာ PR ၆၀ မှ ၁၀၀ ရှိပါတယ်။ အားကစားသမားတွေမှာနည်းတတ်ပါတယ်။အောက်ဆီမီတာနဲ့တိုင်းရင် SpO2% အပြင် PR ပါပြပါတယ်။ အရမ်းကြီးမတိကျပေမယ့် စက်ကောင်းရင်အကြမ်းဖျင်းရပါတယ်။အရမ်းကြီးများ/အရမ်းကြီးနည်းနေတာတွေ့ရင် လူနာအခြေအနေကိုသတိထားမိအောင်ပြောပြတာပါ။မိန်းကလေးတစ်ယောက်ဘေးမှာထိုင်နေလို့ 💓 သူ့နှလုံးခုန်နှုန်း PR ဟာ ကိုယ့်ထက်များနေရင် ငါ့ကိုများရင်ခုန်နေသလားလို့ မမှတ်ပါနဲ့။အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နှလုံးခုန်နှုန်း PR များပါတယ်။ 😁 သူတို့ရဲ့နှလုံးကအရွယ်ပိုသေးလို့ သွေးပမာဏများများရောက်အောင်ပိုခုန်ရတာပါ။

(၄) Body temperature

ကိုယ်အပူချိန်သာမန်က ပျမ်းမျှ 98•6 ဖာရင်ဟိုက်ရှိတယ်။ အရင်က ဖန်ပြဒါးတိုင်ချောင်းသမားတွေဟာ စင်တီဂရိတ်ကိုသိပ်မသုံးကြပါ။ကျန်းမာသူသာမန်လူတစ်ယောက်ဟာ 97•8 ကနေ 99•1 ဖာရင်ဟိုက်အထိ (သို့မဟုတ်) နည်းနည်းလေးပိုရှိတယ်။သတိထားဖို့က လူကြီးတွေမှာလူငယ်တွေလောက် ကိုယ်အပူချိန်ထိန်းမှုမရှိတဲ့အတွက် လူကြီးတွေဖျားရင် ကိုယ်ပူမပြပဲရှိတတ်တယ်။

(၅) Blood pressure

သွေးပေါင်ချိန်သာမန်လူတစ်ယောက်ဟာ 120/80 လို့ရေးတတ်တယ်။ systolic pressure အပေါ်သွေး ၁၂၀ နဲ့ diastolic pressure အောက်သွေး ၈၀ ဝန်းကျင်ရှိကြပါတယ်။ သွေးတိုးစရှိနေရှိသူတွေဟာ အပေါ်သွေး 120 – 139 နဲ့ အောက်သွေး 80 – 89 ရှိတတ်ပါတယ်။ သွေးတိုးရှိသူတွေဟာ 140/90 နဲ့အထက်ရှိပါတယ်။သွေးအားနည်းသူတွေက 90/60 နဲ့အောက်ရှိပါတယ်။ ဒါပေမယ့် လူပေါ်လည်းမူတည်ပါတယ်။

ကဲ … အခြေခံစောင့်ကြည့်သင့်တဲ့ Vital Signs (၅) ခုကို ရှင်းပြခဲ့ပါပြီ။ Online ကနေ ဆရာရေ … လူနာကလေအသက်ရှုရတာမောတယ်ဘာညာ။ နေလို့မကောင်းဘူးဘာညာဆိုတာထက် အထက်က Vital Signs (၅) မျိုးကိုကိုယ်တိုင်းနိုင်တာကို တိုင်းပြီးမှတ်တမ်းတင်ကာ ဆရာဝန်ကို online ကနေ ပြောပြတာက ဆရာဝန်အတွက် အလွန်အသုံးဝင်ပါတယ်။ ဆီးချိုသမားတွေအတွက် ထပ်ဖြည့်လိုတာက blood glucose ပမာဏ ကို ကိုဗစ်ဖြစ်နေရင် တနေ့ (၃) ကြိမ်လောက်တိုင်းနိုင်ရင်တိုင်းပါ။ မနက်စောစော fasting , နေ့လည်စာစားပြီး ၂ နာရီအကြာနဲ့ ညစာစားပြီး ၂ နာရီအကြာဖောက်တိုင်းပါ။ အောက်ဆီဂျင်ရှုခိုင်းထားရင် အောက်ဆီဂျင် တစ်မိနစ် (၂) လီတာနှုန်း ပေးထားရင် SpO2% ဘယ်လောက်ရှိကြောင်း၊ မပေးထားချိန်ဘယ်လောက်ရှိကြောင်းမှတ်တမ်းရေးပါ။ ကျနော့်အဖေဆေးရုံတက်တုန်းက input/output ကိုပါမှတ်တမ်းတင်ပါတယ်။မနက်ဘာစား၊ ဆီးဘယ်လောက်သွား၊ ဝမ်းသွားမသွား၊ ပျော့မပျော့။ မနက်ဘယ်ဆေးကိုဘယ်အချိန်သောက်၊ နေ့လည်ဘယ်ဆေးကို ဘယ်အချိန်သောက်၊ ညဘယ်ဆေးကိုဘယ်အချိန်သောက် လိုက်မှတ်ရပါတယ်။ အခုဟာက ကိုဗစ်ဖြစ်တာ ၁၀ ရက်ကျော်ပြီလို့ပြောရင် ဘယ်လိုစဖြစ်တာလဲ? အဲ့မှာ မှတ်တမ်းမလုပ်ထားတော့ ဘယ်နေ့ကစဖြစ်သလဲ? လူနာကဘယ်အခြေအနေဖြစ်နေနိုင်သလဲကို တွက်ရခက်ပါတယ်။ဘယ်နေ့စဖြစ်သလဲ❓ဘာလက္ခဏာလဲကအရေးကြီးလို့ အခုအချိန်မှာ ဘာကိစ္စနဲ့နေမကောင်းဖြစ်ဖြစ် ကိုယ်လက်ကိုက်တာကအစ မှတ်တမ်းယူထားကြပါ။ ခေါင်းနဲ့မှတ်ထားလို့ကိုမရပါ။ ချရေးတာ ဘာမှမပင်ပန်းပါ။ လူနာကိုချစ်ရင်အကောင်းဆုံးပြုစုနည်းတစ်ခုပါ။နိဂုံးချုပ်ပြောရရင် …

▪️ကိုဗစ်လို့သံသယရှိရင် စာရွက်မှာ ဘာလက္ခဏာဘယ်နေ့ စရေးပါ။ P ဟုတ်မဟုတ်စစ်လို့ရရင်စစ်ပါ။

▪️Vital Signs တွေကို ပုံထဲကအတိုင်းမှတ်တမ်းရေးသွားပါ။ စာအုပ်ကြမ်းမှာမျဉ်းသားပြီးရေးလို့ရပါတယ်။ နမူနာတွေပြထားပါတယ်။

▪️ဘယ်နေ့မှာ ဘာဆေးတွေသောက်သလဲပါရေးပါ။ဆရာဝန်ကိုပြရင် အဲ့ဒီမှတ်တမ်းကို ပို့လိုက်တာက ပါးစပ်ကပြောတာထက်ပိုကောင်းပါတယ်။

No photo description available.

ရေးသားသူ Richard Myo Thant