ဒီတစ်ခါမှာတော့ ဦးနှောက်ကင်ဆာအကြောင်းရေးသားဖော်ပြပေးချင်ပါတယ်။ ဦးနှောက်ကင်ဆာအကြောင်းပြောမယ်ဆိုရင် ဦးနှောက်ထဲက အကျိတ်တွေအကြောင်းကို အရင်ပြောရပါတယ်။ ဦးနှောက်အကျိတ်ဆိုတာဟာ ဦးနှောက်ထဲကဆဲလ်တွေ ပုံမမှန်ဘဲကြီးထွားရာကနေ ဖြစ်လာတဲ့ အစိုင်အခဲပါ။
ဦးနှောက်အကျိတ်မှာ ကင်ဆာမဟုတ်တဲ့ရိုးရိုးအကျိတ် (Benign tumour) နဲ့ ကင်ဆာဖြစ်မယ့်အကျိတ် (Cancerous/malignant) ဆိုပြီး ရှိပါတယ်။
နောက်ပြီး ဦးနှောက်အတွင်းမှာပဲ စပြီးဖြစ်ပေါ်တဲ့အကျိတ်ကို Primary Brain Tumour လို့ခေါ်ပြီး
တခြားနေရာမှာကင်ဆာရောဂါဖြစ်ပွားတာကနေ ပျံ့နှံ့ပြီးဦးနှောက်ထဲရောက်လာတဲ့ အကျိတ်ကင်ဆာကိုတော့ Secondary or Metastatic Brain Tumour လို့ခေါ်ပါတယ်။
#ဘယ်လိုလူတွေမှာပိုဖြစ်နိုင်သလဲ?
Primary Brain Tumour ရှိတဲ့လူတွေကို ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့အကြောင်းအရင်းစမ်းစစ်ရာမှာ အဖြေအတိအကျမရပါဘူး။ ဒါပေမယ့် ဆရာဝန်တွေကတော့ ဘယ်လိုအကြောင်းအချက်တွေဟာ ဦးနှောက်အကျိတ်/ဦးနှောက်ကင်ဆာ ဖြစ်စေတဲ့နှုန်းကို များနိုင်သလဲဆိုတာကို ရှာဖွေသတ်မှတ်ထားပါတယ်။
(၁) ဓာတ်ရောင်ခြည်များနှင့်ထိတွေ့ခြင်း
Ionzing Radiation လို့ခေါ်တဲ့ဓာတ်ရောင်ခြည်နဲ့ ထိတွေ့တဲ့လူတွေမှာ ဦးနှောက်အကျိတ်ပိုဖြစ်နိုင်ပါတယ်။ Ionizing radiation ဟာဘယ်လိုမျိုးလဲလို့ ဥပမာပေးရရင် ကင်ဆာရောဂါကုသရာမှာသုံးတဲ့ ဓာတ်ရောင်ခြည်ကုသထုံး ( Radiation Therapy ) နဲ့ အနုမြူဗုံးပေါက်ကွဲရာကနေထွက်တဲ့ ဓာတ်ရောင်ခြည်တွေကို ဆိုလိုတာဖြစ်ပါတယ်။
(၂) မိသားစုထဲတွင်အလားတူရောဂါဖြစ်ဖူးခြင်း
ဦးနှောက်အကျိတ်ဟာ မိသားစုထဲမှာ အလားတူဦးနှောက်အကျိတ်ရှိဖူးတာ သို့မဟုတ် မျိုးဗီဇဆိုင်ရာပြဿနာတွေမိသားစုထဲမှာရှိနေတယ်ဆိုရင် ပိုဖြစ်နိုင်ချေရှိတယ်လို့ဆိုပါတယ်။
#ရောဂါလက္ခဏာများ
ဦးနှောက်အကျိတ်ရဲ့ရောဂါလက္ခဏာတွေကတော့ အကျိတ်ရဲ့တည်နေရာ၊ အရွယ်အစား နဲ့ကြီးထွားနှုန်း အပေါ်မူတည်ပြီး အများကြီး ပြောင်းလဲနိုင်ပါတယ်။ယေဘုယျရောဂါလက္ခဏာတွေကတော့-
* ရုတ်တရက်ခေါင်းကိုက်ခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်းဝေဒနာပုံစံအမျိုးမျိူးနှင့်ပြောင်းလဲလာခြင်း
* ခေါင်းကိုက်ခြင်းဟာ အရေအတွက်ပိုစိပ်ပြီး ပိုပြင်းထန်လာခြင်း
* အကြောင်းရင်းမရှိဘဲ ပျို့တတ်ခြင်း၊ အန်ခြင်း
* အမြင်အာရုံချို့ယွင်းမှုများ (ဥပမာ-အမြင်ဝေဝါးခြင်း၊ နှစ်ထပ်မြင်ခြင်း၊ ဘေးဘီကိုမမြင်နိုင်ခြင်း)
* လက်နှင့်ခြေထောက်တွင် အာရုံခံစားမှုနှင့် လှုပ်ရှားနိုင်မှုများ တဖြည်းဖြည်းဆုံးရှုံးလာခြင်း
* ဟန်ချက်မထိန်းနိုင်တော့ခြင်း
* စကားအပြောအဆို ခက်ခဲလာခြင်း
* နေ့စဉ်ကိစ္စရပ်များကို ရှုပ်ထွေးလာခြင်း၊မှတ်သားသားရခက်ခဲလာခြင်း
* ပင်ကိုယ်စရိုက်၊ ကိုယ်ရည်ကိုယ်သွေးနှင့် အမူအကျင့်ပိုင်းပြောင်းလဲလာခြင်း
* အတက်ရောဂါ ယခင်ကမရှိဘဲ နောက်ပိုင်းမှ အတက်ရောဂါရှိလာခြင်း
* အကြားအာရုံချို့ယွင်းလာခြင်း စသည်တို့ဖြစ်ပါတယ်။
#ဘယ်အချိန်မှာ ဆေးကုသမှုခံယူမလဲ?
အထက်ဖော်ပြပါလက္ခဏာတွေဟာ သင့်မှာရှိနေပြီ ပြီးတော့ မကြာခဏဖြစ်နေပြီ တောက်လျောက်ဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ပြသပြီး ဆေးကုသမှုခံယူရပါမယ်။
#ကုသရန်နည်းလမ်းများ
ဦးနှောက်ကင်ဆာကို ကုသဖို့နည်းလမ်းတွေဟာ ကင်ဆာအကျိတ်ရဲ့ အရွယ်အစား၊တည်နေရာ၊ အမျိုးအစား၊ လူနာရဲ့ အသက်၊ ယေဘုယျကျန်းမာရေးစတဲ့အချက်တွေအပေါ် မူတည်ပါတယ်။
ကုသမယ့်နည်းလမ်းတွေကတော့
* ခွဲစိတ်ကုသခြင်း (Brain Cancer Surgery)
* ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း ( RadiationTherapy for Brain Cancer)
* ကင်ဆာဆေးသွင်းကုသခြင်း ( Chemotherapy for Brain Cancer) နှင့်
* အခြားသော ကင်ဆာကုထုံး နည်းသစ်များ ( New Brain Cancer Treatment) စသည်တို့ဖြစ်ပါတယ်။
အထက်ပါအချက်တွေကတော့ ဦးနှောက်ကင်ဆာနဲ့ဦးနှောက်အကျိတ်အမျိုးအစား၊ ဘာကြောင့်ပိုဖြစ်ရသလဲ( Risk Factors)၊ ရောဂါလက္ခဏာများ နဲ့ ကုသမှုနည်းလမ်းများအကြောင်းကို ရေးသားပေးခဲ့တာဖြစ်ပါတယ်။
မောင်(ဆေး-၁)
