ဒီတခါလည်း ဒေါက်တာလင်းက ဝိရောဓိ ဖြစ်စေတဲ့ မေးခွန်းတစ်ခုကို ဖြေပေးပါဦးမယ်နော်။ ဒေါက်တာလင်းတို့ သားဖွားမီးယပ်ဆောင်မှာ အလုပ်သင်ဆင်းခဲ့တုန်းက အဘောရှင်းလို့ခေါ်တဲ့ ကိုယ်ဝန်ဖျက်ချ လာတယ်လို့ သံသယ ရှိတဲ့ မေမေလောင်းတွေ ခဏခဏ ကြုံရပါတယ်။ သူတို့တွေရဲ့ ကိုယ်ဝန်ပျက်ကျတဲ့ အကြောင်းရင်းကလည်း တော်တော်များများကို တူပါတယ်ဗျ။ ဘာလဲဆိုတော့ ရေခပ်လို့ (ရေပုံးဆွဲလို့) ပါတဲ့။ အဲဒိတော့ မေးစရာရှိတာက ရေပုံးဆွဲတာ (အလေးအပင်မတာ) က ကိုယ်ဝန်ကို ထိခိုက်စေနိုင်လားပေါ့။ (အဲလိုပြောလို့ ကိုယ်ဝန်ပျက်ကျတဲ့ မေမေလောင်းအားလုံးကိုတော့ မဆိုလိုပါဘူးနော်။ အချို့အချို့တွေပါ။)
အလေးအပင်မတာ ကိုယ်ဝန်ကို ထိခိုက်စေလား၊ တနည်းအားဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ အလေးအပင် မလို့ ရလားပေါ့။
အဲဒါဆိုရင် ပရိတ်သတ်ကြီး အယောက်တရာရဲ့ အဖြေက ????
ကဲပါလေ ဒေါက်တာလင်းပဲ ဆက်ပြောပြပါ့မယ်။ ဒေါက်တာလင်းကို လာမေးရင်တော့ ဒေါက်တာလင်းက ပြန်မေးမှာ ၂ ခုရှိတယ်ဗျ။ တစ်ခုက ဘယ်လောက် အလေးအပင်ကို မ မှာလဲနဲ့။ နောက်တစ်ခုကတော့ အရင်က (ကိုယ်ဝန်မရှိခင်ကကော) အခုမမယ့် အလးချိန်ကို မဖူးသလားပေါ့။
ဘာလို့ အဲမေးခွန်း ၂ ခုပြန်မေးမှာလည်း ဆိုတာကို ရှင်းပြပါ့မယ်နော်။
၁။ မ မယ့်အလေးချိန် ။ ။
ပထမ စဉ်စားရမှာက ဘာကို မချင်တာလည်း၊ ဘယ်လောက်လေးသလဲပေါ့။ ကိုယ်ဝန်သည် မဟုတ်ရင်တောင်မှတဲ့ အလေ့အကျင့် မရှိတဲ့သူတွေဆိုရင် ဆန်တစ်အိတ်ထက် ပိုတဲ့ အလေးချိန်ကို မမသင့်ပါဘူးတဲ့။ ဒါမှမဟုတ်ရင် မိမိရဲ့ ကိုယ်အလေးချိန်ရဲ့ ထက်ဝက်ထက်ကို ပိုပြီးလေးတဲ့ အလေးချိန်ဆိုရင် စက်ကိရိယာ အကူအညီမပါရင် တစ်ဦးတည်း မ မသင့်ဘူးလို့ ဆိုထားပါတယ်။ အဲဒိတော့ ရှင်းပါတယ် ဗိုက်ကြီးသည်ရေ ကိုယ်မမယ့်ဟာက ဘယ်လောက်လေးသလဲ ပြန်စဉ်းစားပေါ့။
၂။ အရင်က မဖူးသလား ။ ။
အဲဒါကလည်း ရှင်းပါတယ်။ မရမယ့် အလေးချိန် ဒါမှမဟုတ် အဲထက်ပိုတဲ့ အလေးချိန်ကို သင်အရင်က မဖူးသလား။ ဒါမှမဟုတ် မ နေကျလား။ မ နေကျသာဆိုရင်တော့ (ကိုယ်ဝန်ရှိတာကလွဲလို့) တခြား ကျန်းမာရေး ပြဿနာမရှိဘူးဆိုရင်တော့ မလို့ရပါတယ်။ မဟုတ်ရင် မ မကြည့်ပါနဲ့။ ကိုယ်တသက်လုံး မ မခဲ့ဖူးတဲ့ အလေးချိန်ကို ကိုယ်ဝန်ရှိလာပြီးမှ မချင်တယ်ဆိုရင်တော့ သွေးရိုး သားရိုးနဲ့ မချင်တာမှ ဟုတ်ရဲ့လားလို့ပဲ ပြန်မေးရပါမယ်။
ဒီ ၂ ချက်ကတော့ ကိုယ်ဝန်သည်တိုင်း အလေးအပင် မတော့မယ်ဆိုရင် ပြန်စဉ်းစားဖို့ပါ။ ထပ်ပြီး ဖြည့်စွက် ချင်တာတွေကတော့ အလေးအပင် မတာ တစ်ခုတည်းမဟုတ်ဘဲ အခြားသော ပြင်ထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု တွေဟာလည်း ဒီသဘောပါပဲ။ သင့်အနေနဲ့ ကိုယ်ဝန်ဆောင်နေပြီဆိုရင်တော့ လေ့ကျင့်ခန်းလုပ်တာ ကိုယ်လက်လှုပ်ရှားမှုတွေ စတဲ့ဟာတွေကို သက်ဆိုင်ရာ ဆရာဝန်များ၊ ကျွမ်းကျင်သူများနဲ့ ဆွေးနွေးပြီးမှသာ ဆောင်ရွက်ပါ။ ဒါပေမယ့် ပုံမှန်ကိုယ်လက်လှုပ်ရှားမှု့/ အားကစား တစ်မျိုးမျိုး စတာတွေ လုပ်နေတဲ့ သူကတော့ မိမိလုပ်နေကျ အတိုင်းက အနည်းငယ်လျော့ပြီး ဆက်လုပ်နေလို့ရပါတယ်။ ဥပမာအားဖြင့် တချို့ဟောလိဝု သရုပ်ဆောင်တွေဟာ အချို့အက်ရှင်ကားတွေကို ကိုယ်ဝန်ရှိနေစဉ်မှာပဲ ရိုက်ကူးခဲ့ကြပါတယ်။ ဒါပေမယ့် ပြင်းထန်စွာ လှုပ်ရှားကစားရတဲ့ အားကစား သမားတွေဆိုရင်တော့ ကိုယ်ဝန်ရှိနေစဉ်မှာ ပြိုင်ပွဲတွေကိုတော့ နားထားသင့်ပါတယ်။
နောက်ဆုံးအချက်ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို ပြုလုပ်ပေးတာကြောင့် မွေးဖွားရလွယ်ကူစေခြင်း၊ မွေးဖွားစဉ် ကလေးညှစ်အားကောင်းခြင်း၊ ရိုးရိုးမွေးဖွားတဲ့ မိခင်တွေအတွက် မွေးချိန်တိုခြင်း စတဲ့အကျိုးကျေးဇူးတွေလည်း ရနိုင်တယ်ဆိုတာ ပြောကြားရင် အလေးအပင် မလို့ရမရ ဖြေကြားလိုက်ပါတယ်နော်။
credit-ဒေါက်တာလင်း