ရုံးအစည်းအဝေးလုပ်နေချိန်၊ လူကြားထဲရောက်နေချိန် သို့မဟုတ် ခရီးဝေးသွားနေစဉ် မကြာခဏ အိမ်သာပြေးရလို့ စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုး ကြုံဖူးကြပါသလား။ ဆီးမကြာခဏ သွားရတာဟာ လူမှုဆက်ဆံရေး၊ လုပ်ငန်းခွင်အဆင်ပြေမှုနဲ့ ယုံကြည်မှုကိုပါ ထိခိုက်စေနိုင်တဲ့အပြင် တစ်ခါတစ်ရံ မလိုလားအပ်တဲ့ အရှက်ရစရာ အခြေအနေတွေကိုပါ ဖန်တီးမိတတ်ပါတယ်။

ဒီလို ဒုက္ခပေးနေတဲ့ “ဆီးခဏခဏသွားချင်စိတ်” ကို သဘာဝကျကျနဲ့ ထိရောက်စွာ ထိန်းချုပ်နိုင်ဖို့အတွက် နေ့စဉ်လူနေမှုဘဝမှာ ပြောင်းလဲကျင့်သုံးသင့်သည့် နည်းလမ်းကောင်းများကို Hug Myanmar ကနေ အပြည့်အစုံ မျှဝေပေးလိုက်ပါတယ်။

၁။ ကဖိန်း၊ နီကိုတင်းနှင့် သောက်စရာများကို စနစ်တကျ ရွေးချယ်ပါ

ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်းနှင့် အချိုရည် (ဆိုဒါ) များတွင် ပါဝင်သော ကဖိန်းဓာတ် (Caffeine) နှင့် ဆေးလိပ်တွင်ပါဝင်သော နီကိုတင်း (Nicotine) တို့သည် ဆီးအိမ်ကို လှုံ့ဆော်ပေးပြီး ဆီးပိုမိုထွက်စေသည့် သဘာဝရှိပါတယ်။ ထို့ကြောင့် ဆီးခဏခဏသွားတတ်သူများအနေဖြင့် ဤသောက်စရာများနှင့် ဆေးလိပ်သောက်ခြင်းကို တတ်နိုင်သမျှ လျှော့ချ သို့မဟုတ် ရှောင်ကြဉ်သင့်ပါတယ်။

၂။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပြီး အဝလွန်ခြင်းကို တားဆီးပါ

အထိုင်များလွန်းသည့် လူနေမှုပုံစံနှင့် ကိုယ်အလေးချိန် လွန်ကဲခြင်းတို့သည် ဆီးအိမ်အပေါ် ဖိအားပိုမိုသက်ရောက်စေပါတယ်။ ခန္ဓာကိုယ်မှ အဆီပိုများသည် တင်ပါးဆုံကြွက်သားနှင့် ဆီးအိမ်ကို ဖိမိစေပြီး ဆီးအောင့်နိုင်စွမ်းကို ကျဆင်းစေသည့်အတွက် ဆီးခဏခဏသွားချင်စိတ် ဖြစ်ပေါ်စေတာပါ။ တစ်နေ့တာလုံး ဆက်တိုက်ထိုင်နေခြင်းမှ ရှောင်ကြဉ်ပြီး တက်ကြွစွာ လှုပ်ရှားနေထိုင်ပေးပါ။

۳။ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို လျှော့ချပါ

စိတ်ဖိစီးမှုသည် ဆီးအိမ်၏ အာရုံကြောစနစ်ကို တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ “လူကြားထဲ ဆီးသွားချင်လာရင် ဒုက္ခပဲ” ဆိုသည့် စိုးရိမ်စိတ်ကပင် ဆီးအိမ်ကို ပိုမိုလှုံ့ဆော်ပေးသကဲ့သို့ ဖြစ်သွားတတ်ပါတယ်။ တရားဘာဝနာပွားများခြင်း၊ အသက်ရှူလေ့ကျင့်ခန်း လုပ်ဆောင်ခြင်းတို့ဖြင့် စိတ်ကို လျှော့ချထားဖို့ လိုအပ်ပါတယ်။

၄။ ဆီးအိမ်ကို လေ့ကျင့်ပေးပါ (Scheduled Voiding)

ဆီးအလွန်အမင်း သွားချင်စိတ် မဖြစ်ပေါ်မီ အချိန်ဇယားဆွဲ၍ ကြိုတင်ဆီးသွားပေးသည့် အလေ့အထကို ကျင့်ယူပါ။ ဤသို့ ပုံမှန်အချိန်သတ်မှတ်၍ ဆီးသွားပေးခြင်းသည် ဆီးအိမ်၏ ထိန်းချုပ်နိုင်စွမ်းနှင့် စွမ်းရည်ကို ပိုမိုကောင်းမွန်လာစေပြီး ရုတ်တရက် ဆီးသွားချင်သည့် စိတ်ကို သက်သာစေပါတယ်။

၅။ ညဘက် အိပ်ရာဝင်ခါနီး အရည်သောက်ခြင်းကို ထိန်းချုပ်ပါ

ညဘက် နှစ်ခြိုက်စွာ အိပ်ပျော်နေချိန် ဆီးခဏခဏ ထသွားရသည့် ဒုက္ခမှ ကင်းဝေးစေရန်အတွက် ညနေ ၆ နာရီနောက်ပိုင်းတွင် ရေ သို့မဟုတ် အရည်များများ သောက်ခြင်းကို လျှော့ချပါ။ အထူးသဖြင့် အိပ်ခါနီး ကော်ဖီသောက်ခြင်းကို လုံးဝရှောင်ကြဉ်ရမည်ဖြစ်ပြီး အိပ်ရာမဝင်မီ ဆီးကြိုသွားပေးသည့် အလေ့အထကောင်းကို မွေးမြူပါ။

၆။ Kegel လေ့ကျင့်ခန်းဖြင့် တင်ပါးဆုံကြွက်သားများကို သန်မာစေပါ

Pelvic Floor Muscles (တင်ပါးဆုံကြမ်းခင်း ကြွက်သားများ) ကို သန်မာစေသည့် Kegel လေ့ကျင့်ခန်းသည် ဆီးမထိန်းနိုင်သူများနှင့် ဆီးခဏခဏသွားသူများအတွက် အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။

  • ပြုလုပ်နည်း – ကြမ်းပြင်ပေါ်တွင် လှဲလျောင်းပြီး မိန်းမကိုယ်နှင့် တင်ပါးဆုံတစ်ဝိုက်ရှိ ကြွက်သားများကို ၅ စက္ကန့်မှ ၁၀ စက္ကန့်အထိ တင်းထား (ညှစ်ထား) ပါ။

  • ထို့နောက် ဖြည်းဖြည်းချင်း ပြန်လျှော့ပါ။

  • တစ်ကြိမ်လျှင် ၁၀ ခေါက်ဖြင့် တစ်နေ့လျှင် ၃ ကျော့ ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ဆီးအိမ်ကြွက်သားများ သန်မာလာပြီး ဆီးသွားခြင်းကို စနစ်တကျ ထိန်းချုပ်လာနိုင်ပါလိမ့်မည်။

ဆီးခဏခဏသွားခြင်းသည် သင့်ကျန်းမာရေးနှင့် နေ့စဉ်ဘဝကို အနှောင့်အယှက်မဖြစ်စေရန်အတွက် အထက်ပါ နည်းလမ်းကောင်းများကို စနစ်တကျ စတင်ကျင့်သုံးကြည့်ဖို့ Hug Myanmar က တိုက်တွန်းလိုက်ရပါတယ်။