အိမ်ထောင်ရှင် လေဒီလေးတွေအတွက် သားဆက်ခြားတာဟာ မိသားစုစီမံကိန်းမှာ အလွန်အရေးပါတဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ သန္ဓေတားဆေးသောက်ခြင်း၊ ဆေးထိုးခြင်း၊ သားအိမ်တွင်းပစ္စည်း (IUD) ထည့်ခြင်း၊ ကွန်ဒုံးသုံးခြင်း စတဲ့ နည်းလမ်းမျိုးစုံရှိတဲ့အထဲကမှ နေ့တိုင်း ဆေးသောက်ဖို့ မေ့မှာစိုးသူတွေ သို့မဟုတ် ဆေးထိုးရက် ကျော်သွားမှာ စိုးရိမ်သူတွေအတွက် လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant) ဟာ ရေရှည်စိတ်ချရတဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

ဒီနေ့မှာတော့ Hug Myanmar ပရိတ်သတ်တွေအတွက် လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်းရဲ့ အလုပ်လုပ်ပုံ၊ အားသာချက်၊ အားနည်းချက်များနှင့် မပြုလုပ်သင့်သည့် အခြေအနေများကို စနစ်တကျ ဝေမျှပေးသွားပါမယ်။

လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant) ဆိုသည်မှာ…

Implant ဆိုသည်မှာ မီးခြစ်တံ အရွယ်အစားမျှသာရှိသော ပျော့ပျောင်းသည့် ပလတ်စတစ် တံလေးဖြစ်ပါသည်။ တတ်ကျွမ်းသည့် ဆရာဝန် သို့မဟုတ် ကျန်းမာရေး ဝန်ထမ်းများက ထုံဆေးပေး၍ အမျိုးသမီးများ၏ လက်မောင်း အရေပြားအောက်သို့ ထည့်သွင်းပေးခြင်း ဖြစ်ပါတယ်။

  • အလုပ်လုပ်ပုံ: ပရိုဂျက်စတီရုန်း (Progesterone) ဟော်မုန်းကို ပုံမှန် ထုတ်လွှတ်ပေးပြီး သားအိမ်ခေါင်း အချွဲမြှေးများကို ထူထဲစေကာ သုတ်ပိုးနှင့် မျိုးဥ မတွေ့ဆုံနိုင်အောင် သန္ဓေတားဆီးပေးပါတယ်။

  • ကာကွယ်နိုင်စွမ်း: ကိုယ်ဝန်ရရှိမှုကို ၉၉ ရာခိုင်နှုန်းကျော် ထိရောက်စွာ ကာကွယ်ပေးနိုင်ပြီး အမျိုးအစားပေါ် မူတည်၍ ၃ နှစ်မှ ၅ နှစ်အထိ ရေရှည် အသုံးပြုနိုင်ပါတယ်။

လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း၏ ကောင်းကျိုးများ

၁။ နှစ်ရှည် စိတ်ချရခြင်း: တစ်ကြိမ် ထည့်သွင်းထားရုံဖြင့် ၃ နှစ်မှ ၅ နှစ်အထိ နေ့စဉ် သို့မဟုတ် လစဉ် စိစစ်နေစရာ မလိုဘဲ စိတ်အေးလက်အေး နေနိုင်ပါတယ်။

၂။ ထိရောက်မှု မြင့်မားခြင်း: ကိုယ်ဝန်မရရှိအောင် ၉၉% ကျော်အထိ စိတ်ချရသည့် သားဆက်ခြားနည်း ဖြစ်ပါတယ်။

၃။ ဆေးခန်း မကြာခဏ သွားရန်မလိုခြင်း: စတင်ထည့်သွင်းသည့် အချိန်တွင်သာ ဆေးခန်းသို့ သွားရောက်ရပြီး ပုံမှန် စစ်ဆေးမှုများ အများကြီး မလိုအပ်ပါ။

၄။ ကလေး ပြန်လည်ယူရလွယ်ကူခြင်း: ကလေးယူချင်သည့်အခါ သန္ဓေတားပစ္စည်းကို ပြန်လည်ထုတ်ယူလိုက်သည်နှင့် ပုံမှန် ကိုယ်ဝန်ဆောင်နိုင်စွမ်း ပြန်လည်ရရှိစေပါတယ်။

သတိပြုရမည့် အားနည်းချက်နှင့် ဆိုးပြစ်များ

  • ကူးစက်ရောဂါများ မကာကွယ်နိုင်ခြင်း: လိင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါများ (STIs) ကို ကာကွယ်ပေးနိုင်ခြင်း မရှိပါ။

  • ရာသီစက်ဝန်း ပြောင်းလဲခြင်း: စတင်ထည့်သွင်းပြီး ကနဦး လအနည်းငယ်တွင် ရာသီမမှန်ခြင်း၊ ရာသီသွင်းခြင်း သို့မဟုတ် ရာသီ လုံးဝမလာခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။

  • ကျွမ်းကျင်သူနှင့်သာ ထည့်/ထုတ် ပြုလုပ်ရခြင်း: ထည့်သွင်းခြင်း သို့မဟုတ် ပြန်လည်ထုတ်ယူခြင်းအတွက် ဆရာဝန်နှင့် မဖြစ်မနေ ပြသရပါမည်။

  • နေရာရွှေ့လျားနိုင်ခြင်း: အချို့သော အခြေအနေများတွင် ပစ္စည်းသည် မူလထည့်ထားသည့် နေရာမှ ရွှေ့သွားနိုင်သဖြင့် ပြန်ထုတ်သည့်အခါ ရှာဖွေရ ခက်ခဲတတ်ပါတယ်။

Implant မထည့်သင့်သည့် သူများ

အောက်ပါ ကျန်းမာရေး အခြေအနေများ ရှိနေပါက လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်ပါတယ် –

  • သန္ဓေတားပစ္စည်း ပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်သူများ

  • ရုတ်တရက် နှလုံးရပ်ဖူးသူများ သို့မဟုတ် လေဖြတ်ဖူးသည့် ရာဇဝင်ရှိသူများ

  • အသည်းအကျိတ် သို့မဟုတ် အသည်းရောဂါ ရှိသူများ

  • ရင်သားကင်ဆာ လက်ရှိဖြစ်ပွားနေသူ သို့မဟုတ် အရင်က ဖြစ်ဖူးသူများ

  • အကြောင်းအရင်း ရေရေရာရာ မရှိဘဲ မိန်းမကိုယ်မှ မကြာခဏ သွေးဆင်းတတ်သူများ