ကိုဗစ်ပိုးက စကားပြောရင်းထွက်လာတဲ့ တံတွေးအာငွေ့တွေထဲမှ ာပါလာနိုင်ပါတယ်။ ကိုဗစ်နည်းလမ်းနှစ်မျိုးနဲ့ ကူးပါတယ်။
နည်းလမ်း(၁)
စကားပြောရင်း ထွက်ကျလာတဲ့တံတွေးတွေစင်ထားတဲ့ ပစ္စည်းတွေကိုထိကိုင်မိမယ်၊ ကိုင်ထားတဲ့ လက်နဲ့ နှာခေါင်းပါးစပ်ကို ပြန်တို့ထိမိတဲ့အခါ ကူးစက်ပါတယ်။ လက်ဖြင့်ကိုယ်တွယ်ခြင်းက တဆင့်ခံကူးတာဖြစ်ပြီး စားသောက်လို့ကူးတာမဟုတ်ပါဘူး။ နည်းလမ်း(၁)အရ မြန်မာပြည်ကစျေးသည်တွေ မာစ်လေးမေးချိတ်ပြီး အာပြဲနဲ့အော်ရောင်းနေပုံနဲ့ဆို သူတို့ရောင်းချတဲ့ ပစ္စည်းတွေပေါ်မှာ တံတွေးတွေစင်မှာတော့ အမှန်ပါ။
ဒါကြောင့် နည်းလမ်း(၁) ကိုကာကွယ်ဖို့ ဟင်းသီးဟင်းရွက် စားစရာ ဘုရားပန်း စတွေကို ရေများများနဲ့ သေချာဆေးကြောပါ။ အစားအသောက်တွေကို ပိုးသတ်ဆေးတွေ အရက်ပြန်တွေနဲ့ ဆေးလို့မရပါဘူး၊ ပိုးရှိနေတဲ့ဟင်းရွက်သားငါးများကို စားသောက်လို့ ပိုးမကူးပါ၊ ကိုင်တွယ်ပြီး လက်နဲ့ မျက်စိနှာခေါင်းကို ထိမိပါက ကူးနိုင်ပါတယ်၊ ဟင်းရွက်သားငါးများကို ချက်ပြုတ်လိုက်ရင်လည်း ပိုးကသေပါတယ်။ ဒါကြောင့် ဟင်းရွက်သားငါး ကိုင်တဲ့လက်ကို သေချာဆေးပါ။ စျေးကပြန်လာရင် ကိုယ်လက်သန့်ရှင်းရေး စနစ်တကျလုပ်ပါ၊ စျေးခြင်းတောင်း ထုတ်ပိုးထားတဲ့အိပ်တွေနဲ့ ပိုက်ဆံအိပ်တွေကို သေချာသန့်ရှင်းပေးပါ။
နည်းလမ်း(၂)
ကူးစက်နည်းက ပိုးရှိသူစကားပြောလိုက်တဲ့အခါထွက်လာတဲ့ တံတွေးအမူန်လေးတွေ အာငွေ့တွေကို တိုက်ရိုက်လေထဲက ရှူရှိုက်မိလိုက်ရင် ကိုဗစ်ပိုးတွေပါ ဝင်လာပြီး ကူးနိုင်ပါတယ်။
နည်းလမ်း(၂)ကိုကာကွယ်ဖို့ စျေးသွားတိုင်း မာစ်ဝတ်ပါ။ ခပ်ခွါခွါနေပါ၊ ခွါနေရင် ပိုးပါတဲ့အာငွေ့တွေကို တိုက်ရိုက် မရှုမိနိုင်ပါဘူး။ လူများတဲ့နေရာတွေ လူကျပ်တဲ့ စျေးတွေကိုရှောင်ပါ၊ မရှောင်နိုင်ရင် စျေးဝယ်တဲ့ အကြိမ်အရေအတွက်ကိုလျှော့ချပါ။ တတ်နိုင်သမျှ အွန်လိုင်းကမှာပါ။ လမ်းထဲလာရောင်းတဲ့ စျေးသည်တွေဆီက ဝယ်ပါ။ လမ်းဘေးအစားအသောက် ပြင်ပအစားအစာမစားကြပါနဲ့။ အိမ်မှာသာ သန့်ရှင်းစွာ ချက်ပြုတ်စားသောက်ပါ။
