covidqna

မေး။ Sinovac နဲ့ Sinopharm ရဲ့ ကာကွယ်ပေးနိုင်မှုရာခိုင်နှုန်းတေ ပြောပြပေးပါ။

ဖြေ။

👉 ဘရာဇီးနိုင်ငံတွင် ကနဦးစမ်းသပ်မှုအရ #Sinovac ကိုဗစ်ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးနှံပြီးပါက ဒုတိယအကြိမ် ဆေးထိုးပြီး ၁၄ ရက်မှ စတင်၍ ရောဂါလက္ခဏာများ ခံစားရနိုင်ခြေ ၅၁ ရာခိုင်နှုန်း၊ ပြင်းထန်သောရောဂါ ဖြစ်ပွားနိုင်ခြေမှ ၁၀၀ ရာခိုင်နှုန်း၊ ဆေးရုံတက်ရောက်ကုသခံရနိုင်ခြေ ၁၀၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။ #ရောဂါကူးစက်မှုမှကာကွယ်ပေးနိုင်စွမ်းနှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များ မတွေ့ရှိရသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုပါတယ်။

👉 နိုင်ငံစုံတွင် ပြုလုပ်သော ကနဦးစမ်းသပ်မှုအရ #Sinopharm ကိုဗစ်ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးနှံပြီးပါက ဒုတိယအကြိမ် ဆေးထိုးပြီး ၁၄ ရက်မှစတင်၍ ရောဂါလက္ခဏာခံစားရနိုင်ခြေ ရ၉ ရာခိုင်နှုန်း၊ ဆေးရုံတက်ရောက်ကုသခံရနိုင်ခြေ ရ၉ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်းတွေ့ရှိရပါတယ်။ ပြင်းထန်သောရောဂါဖြစ်ပွားနိုင်ခြေနှင့် ပတ်သက်၍ ကာကွယ်နိုင်စွမ်းကို လေ့လာထားခြင်း မရှိပါ။ #ရောဂါကူးစက်မှုမှကာကွယ်ပေးနိုင်စွမ်းနှင့် ပတ်သက်၍လည်း ခိုင်လုံသော အချက်အလက်များ မတွေ့ရှိရသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုပါတယ်။

မေး။ ကိုဗစ်ကာကွယ်ဆေး အထိုးများကြတဲ့ China လာတာနဲ့ India ဆေး ကွာခြားမှုလေး ပြောပေးပါရှင်။

ဖြေ။

👉 India နိုင်ငံမှ ထုတ်လုပ်သော ကာကွယ်ဆေးမှာ #Covishield နှင့် #Covaxin တို့ဖြစ်ပြီး

👉 China နိုင်ငံမှ ထုတ်လုပ်သော ကာကွယ်ဆေးမှာ #Sinopharm နှင့် #Sinovac တို့ဖြစ်သည်။

မေး။ ကိုဗစ်ကာကွယ်ဆေးက အသက် 60 ကျော် အသည်း‌ရောဂါ၊ နှလုံး၊ သွေးတိုး၊ ဆီးချို ရှိနေတဲ့သူများ ထိုးရင် side effect ဘာတွေများ ရှိနိုင်မလဲရှင်? ထိုးသင့်/ မထိုးသင့် ပြောပေးပါရှင်။

ဖြေ။ အသည်းရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ အစရှိတဲ့သူများသာမက အသက် ၆၅ နှစ်အထက်ရှိတဲ့ သူတွေမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့ပါက နောက်ဆက်တွဲဆိုးကျိုးများ ပြင်းထန်စွာ ခံစားရနိုင်တဲ့အတွက် ကိုဗစ်ကာကွယ်ဆေး #ဦးစားပေးထိုးဖို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားပါတယ်။

– ကာကွယ်ဆေးရဲ့ side effect များ (ဆေးထိုးသည့်နေရာတွင် နာကျင်ခြင်း၊ ရောင်ယမ်းခြင်း၊ ဖျားခြင်း စသည်) ကို အခြားသူများကဲ့သို့ ကြုံတွေ့ရနိုင်သော်လည်း ကာကွယ်ဆေးထိုးခွင့်ရပါက မဖြစ်မနေ သွားရောက်ထိုးနှံကြဖို့ အကြံပြုထားပါတယ်။

မေး။ Covishield တစ်ကြိမ်ထိုးထားပြီးသူပါ၊ အခု တရုတ်ကထုတ်တဲ့ Sinovac ကို ထိုးလို့ရလားရှင့်

အသက်အန္တရာယ်ရှိပါသလား? Covishield ထိုးပြီး အချိန် ဘယ်လောက်ကြာမှ နောက်ထပ် တစ်မျိုး ထိုးလို့ရပါသလဲ? မြန်မာပြည်မှာ အခု ဒီဆေးပဲရလို့ပါ။

ဖြေ။ ဖြစ်နိုင်ပါက Covishield ဆေး (2nd dose) ဒုတိယအကြိမ် ထိုးသင့်ပါတယ်။ အမျိုးအစားမတူသော အခြားကာကွယ်ဆေး ထိုးနှံခြင်းနှင့် ပတ်သက်၍ လက်တလော အကြံပြုချက်များ မရှိသေးပါ။ သီးခြား အကြံပြုချက်များ ရရှိပါက ထပ်မံဖော်ပြပေးသွားပါမယ်။

– ကာကွယ်ဆေးများမှာ ပြင်းထန်သော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ အတိုင်းအတာတစ်ခုထိ ကာကွယ်စေနိုင်သော်လည်း ရောဂါလုံးဝမကူးစက်အောင် ကာကွယ်နိုင်ခြင်း မရှိသဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်း လမ်းညွှန်ချက်များဖြစ်သည့် မဖြစ်မနေ နှာခေါင်းပါးစပ်စည်း တပ်ခြင်း၊ ဆပ်ပြာနှင့်ရေ အသုံးပြု၍ စက္ကန့် ၂၀ ကြာလက်ဆေးခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်းတို့ကို ဆက်လက် လိုက်နာသွားရန်မှာ လိုအပ်ပါသည်။

မေး။ ကာကွယ်ဆေးကို ဘယ်လိုလူတွေမထိုးသင့်ဘူးလဲသိချင်ပါတယ်။

ဖြေ။

👉 ကာကွယ်ဆေးထဲတွင် ပါဝင်သည့် ဓာတ်ပစ္စည်းတစ်မျိုးမျိုးနှင့် မတည့်သည့် ရောဂါရာဇဝင်ရှိသူများ၊

👉 ယခင်က အခြားကာကွယ်ဆေးများ ထိုးနှံရာတွင် ဓာတ်မတည့်ခြင်း ဖြစ်ဖူးသူများ၊

👉 ကိုယ်ဝန်ဆောင်မိခင်များ (အချို့ကာကွယ်ဆေးများအတွက်)

👉 အသက် ၁၂ နှစ်အောက် ကလေးများ (အချို့ကာကွယ်ဆေးများတွင် အသက် ၁၈ နှစ်အောက် ကလေးများ မထိုးသင့်ပါ)

👉 လက်ရှိကိုဗစ်-၁၉ ရောဂါခံစားနေရသူများ (သို့မဟုတ်) ကိုဗစ်-၁၉ သံသယရောဂါလက္ခဏာ ခံစားနေရသူများ ကာကွယ်ဆေးမထိုးနှံသင့်ပါ။

🚨🚨🚨 ဓာတ်မတည့်ခြင်းရောဂါရာဇဝင်ရှိသူများသည် ကာကွယ်ဆေး မထိုးမီ ဆေးထိုးနှံပေးမည့် ကျန်းမာရေးဝန်ထမ်းနှင့် ဦးစွာတိုင်ပင်ဆွေးနွေးရမှာ ဖြစ်ပါတယ် 🚨🚨🚨

🚨🚨🚨 ကိုယ်ဝန်ဆောင်မိခင်များသည် ကိုဗစ်ရောဂါဖြစ်ပွားပါက ရောဂါပြင်းထန်မှုဖြစ်ပေါ်နိုင်ခြင်းနှင့် ကိုယ်ဝန်နှင့်ဆက်စပ်သောနောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်ခြင်းတို့ကြောင့် ဦးစားပေးထိုးနှံသင့်ကြောင်း ပညာရှင်များက အကြံပြုထားပါတယ်။ သို့ရာတွင် အချို့ကာကွယ်ဆေးများ၌ ကိုယ်ဝန်ဆောင်များအတွက် စိတ်ချရသော သုတေသနအချက်အလက်များ မရရှိသေးသဖြင့် ကိုယ်ဝန်ဆောင်များကို ထိုးနှံရာတွင် ကာကွယ်ဆေးထိုးခြင်း၏ ကောင်းကျိုး၊ ဆိုးပြစ်များကို နှိုင်းဆကာ ကျွမ်းကျင်သောကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်၍ ထိုးနှံရမှာ ဖြစ်ပါတယ် ။ 🚨🚨🚨