အသက် ၃ဝမတိုင်ခင်မှာ မိန်းကလေးရဲ့ရုပ်ရည်က မွေးရာပါတဲ့ ။ အသက် ၃ဝနောက်ပိုင်း ရုပ်ရည်ကတော့ ပြုစုပျိုးထောင်မှုနဲ့ ဆိုင်သွားပါတယ် ။
နှစ်လရာသီတွေက မိန်းကလေးတွေရဲ့ နုပျိုတဲ့ရုပ်ရည်ကို အိုမင်းအောင် တဖြည်းဖြည်း တိုက်စားသွားနိုင်ပေမယ့် သူတို့ရဲ့ အသိဉာဏ်ပညာ နဲ့ ရည်မွန်ကျက်သရေရှိခြင်းကိုတော့ မတိုက်စားနိုင်ပါဘူး ။
ထိုင်ဝမ်စာရေးဆရာ Lin Qingxuan က “ဘဝကို အလှခြယ်ခြင်း”ဆိုတဲ့ စာအုပ်မှာ အခုလို ပြောခဲ့ပါတယ် ။
“ စာများများဖတ် ၊ အနုပညာပစ္စည်းတွေ များများ ကြည့်ရှုခံစားတဲ့ ၊ တွေးတောတတ်တဲ့ မိန်းကလေးတွေဟာ စိတ်ဝိညာဉ်ကို အလှခြယ်နေတာပါ ။ တမူထူးခြားတဲ့ ရည်မွန်ကျက်သရေရှိခြင်း နဲ့ မိမိကိုယ်ကို ပျိုးထောင်ခြင်းကမှ မိန်းကလေးတွေကို အမြဲတမ်း လှပတင့်တယ်စေတဲ့ ရင်းမြစ်တွေ ဖြစ်တယ် ။ စာများများဖတ်တာ ၊ များများတွေးတောတာ ၊ ဘဝကို အကောင်းမြင်ခြင်း နဲ့ ရင်ဆိုင်တာ ၊ ဘဝကို ယုံကြည်မှုရှိတာ ၊ စိတ်နှလုံးဖြူစင်ပြီး သူတစ်ပါးကို ကြင်နာတတ်တာ ၊ မိမိကိုယ်ကို ချစ်ခင်လေးစားတတ်တာ… ဒါတွေဟာ မိန်းကလေးတွေကို ပိုလေးနက်ပြည့်စုံတဲ့ အတွင်းစိတ်တွေကို ပိုင်ဆိုင်စေပါတယ် ။ ပိုဆွဲဆောင်မှုရှိစေပြီး နှစ်ချို့ဝိုင်လို အဖိုးတန် မွှေးပျံ့စေပါတယ် ”
ဟောင်ကောင်စာရေးဆရာမ YiShu က စာဖတ်ခြင်းဟာ ကိုယ့်ကို ပိုရည်မွန်ကျက်သရေရှိစေတယ်လို့ ဆိုပါတယ် ။
စာကို အာရုံစိုက်ဖတ်နေတဲ့ မိန်းကလေးတစ်ဦးဟာ တည်ငြိမ်တဲ့စိတ် နဲ့ စာထဲနှစ်နေတဲ့ သူ့ပုံစံကိုက လှပတဲ့ ရှုခင်းတစ်မျိုး ဖြစ်ပါတယ် ။ သူ့ရင်တစ်ခုလုံးမှာ ကဗျာနံ့ စာနံ့တွေ သင်းပျံ့နေပါတယ် ။
စာဖတ်ခြင်းက အဆင်းမဲ့တဲ့ မိန်းကလေးရဲ့ မျက်လုံးကို အရောင်တွေ စုံလင်စေပါတယ် ။
စာဖတ်ခြင်းက မိန်းကလေးရဲ့ ပျော့ပျောင်းတယ်လို့ ထင်ရတဲ့ ပခုံးကို ခိုင်မာစေပါတယ် ။
စာဖတ်ခြင်းက မိန်းကလေးကို အသိဉာဏ်ပညာ ရနံ့တွေ ထွန်းလင်းတောက်ပ မွှေးကြိုင်စေပါတယ် ။
အင်္ဂလန်စာရေးဆရာ Maugham က “လောကမှ ရုပ်ဆိုးတဲ့ မိန်းကလေးဆိုတာ မရှိဘူး ။ ကိုယ့်ကိုယ်ကိုယ် လှအောင် ဘယ်လိုလုပ်ရမှန်းမသိတဲ့ မိန်းကလေးတွေပဲရှိတယ်” လို့ဆိုခဲ့တယ် ။
ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်ခြင်းက မိန်းကလေးကို လှပစေနိုင်ပါတယ် ။ ဒါပေမဲ့ မိန်းကလေးရဲ့ တကယ့်ညို့ဓာတ် ဆွဲဆောင်မှုက သူ့ရဲ့အတွင်းစိတ်ကို ပြုစုပျိုးထောင်ခြင်းပါ ။ စာများများဖတ်ပြီး စာဖတ်ခြင်းကနေ တဆင့် အခြားသူနဲ့ မတူတဲ့ တမူထူးခြားတဲ့ အလှကို မိန်းကလေးတိုင်း ပြုစုပျိုးထောင်နိုင်ပါတယ် ။
ပြင်သစ်စာရေးဆရာ Romain Rolland က “စာအုပ်တွေနဲ့ အတူနေခြင်းက သင့်ကို ဘယ်တော့မှ သက်ပြင်းမချစေဘူး” လို့ ဆိုခဲ့ပါတယ် ။
စာအုပ်ကောင်းတစ်အုပ်က မိန်းကလေးကို အသက်ကြီးလာမှာကို မကြောက်စေဘူး ။ မျက်နှာပေါ်က အရစ်အကြောင်းတွေအတွက် ဦးနှောက်မခြောက်စေဘူး ။ ကိစ္စဝိစ္စရပ်တွေကြောင့် မျက်မှောင်မကြုတ်စေပါဘူး ။
စာဖတ်ခြင်းက မိန်းကလေးကို စကားလုံးပင်လယ်မှာ နှစ်နေစေပြီး အဝေးက စိတ်ဓာတ်ကမ်းခြေကို ရှာဖွေစေပါတယ် ။
စာဖတ်ခြင်းက မိန်းကလေးကို စာအုပ်ကမ္ဘာမှာ နစ်မျောစေပြီး ကိုယ့်ကိုယ်ကိုယ် သိမြင်စေတယ် ၊ ကိုယ့်ကိုယ်ကိုယ် ဖြည့်တင်းစေတယ် ၊ ကိုယ့်ကိုယ်ကိုယ် ခံစားရင်း ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်စေပါတယ် ။ အခြား ရှုပ်ထွေးမှု ၊ ငြင်းခုံလုယှက်မှု ၊ ဟန်ဆောင်မှု ၊ ပင်ပန်းဆင်းရဲခြင်းတွေ မရှိဘဲ စိတ်နှလုံးချမ်းသာခြင်းတွေကို ရရှိစေပါတယ် ။
တချို့က မေးကြပါလိမ့်မယ် ။ မိန်းကလေးတွေ စာဒီလောက်ဖတ်ထားလည်း နောက်ဆုံးကျတော့ သူလို ငါလို သာမန်ဘဝမှာပဲ ကျင်လည်ရတယ် မဟုတ်လား ၊ သူလို ငါလို ရုံးတက် ရုံးဆင်း ၊ ယောက်ျားယူ အိမ်ရှင်မ လုပ် ၊ ထမင်းချက် အဝတ်လျှော် ၊ လင်ယူသားမွေး လုပ်ရတာပဲ မဟုတ်လားလို့ မေးကြပါလိမ့်မယ် ။
သူတို့ နားမလည်တာက စာဖတ်ခြင်းကို ကျွန်မတို့ ဇွဲရှိရှိလုပ်နေတာဟာ နောက်ဆုံး ဘဝမှာ လဲကျသွားသည့်တိုင် ၊ ခက်ခဲတဲ့ ဒုက္ခပင်လယ်မှာ သူလို ငါလို လက်ပစ်ကူးနေရသည့်တိုင် တခြားလူနဲ့မတူတဲ့ စိတ်ဓာတ် ၊ တခြားလူနဲ့မတူတဲ့ ရုန်းကန်မှုခွန်အား ၊ အတွေးအမြင် အသိတွေနဲ့ ရင်ဆိုင်နိုင်သလို ကိုယ့်မျိုးဆက်အတွက် ၊ ကိုယ့်မိသားစုအတွက် ပြုစုပျိုးထောင်မှု ၊ သွန်သင်ဆုံးမမှုတွေက ကွာခြားသွားပါတယ် ။
စာဖတ်တာကို နှစ်သက်တဲ့ မိန်းကလေးတွေက လောကကြီးကို ကြည့်တဲ့အခါ လောကကြီးက ကျယ်ပြောလိုက်တာလို့ ဆိုကြတယ် ။ သင်ယူလို့ မကုန်နိုင်တဲ့ သင်ခန်းစာတွေ ၊ ဗဟုသုတတွေ အများကြီးရှိတယ်ဆိုတာ သူတို့သိတယ် ။
ဒါကြောင့် သူတို့ဟာ စိတ်ဓာတ်ကို ဖြည့်တင်းနေတဲ့နည်းတူ အကြင်နာတွေကိုလည်း ချဲ့ထွင်နေတယ် ။
မိမိကိုယ်ကို ဆင်ခြင်မှုတွေရဲ့ စိတ်ရဲ့လှပခြင်း ၊ အသိဉာဏ်ရဲ့ထက်မြက်ခြင်းကို သင်ယူတယ် ။
ဘဝကို ကဗျာတစ်ပုဒ်အဖြစ် ၊ ဆောင်းပါးတစ်ပုဒ်အဖြစ် ၊ ဝတ္ထုတစ်အုပ်အဖြစ် သူတို့ ဖွဲ့ဆိုတယ် ။
ဘဝကို ရိုးသားကောင်းမွန်ခြင်း ၊ မိမိကိုယ်ကိုလေးစားခြင်း ၊ ခွင့်လွှတ်ခြင်း ၊ လက်ခံခြင်းအဖြစ်နဲ့ သူတို့ဖွဲ့ဆိုတယ် ။
ချစ်ခြင်းမေတ္တာ ၊ လှပခြင်း နဲ့ သူ့စိတ်ဝိညာဉ်ကမ္ဘာကို ဖြည့်တင်းတယ် ။
မြင့်မြတ်ခြင်း ၊ ရိုသေလေးစားခြင်းနဲ့ သူ့ရဲ့အကြည့်ကို ဦးဆောင်တယ် ။
သူဟာ ကြွားဝါခြင်း ၊ ဂုဏ်မောက်ခြင်းတွေ မရှိဘဲ သူ့ခန္ဓာကိုယ်ကို စာအုပ်ရနံ့တွေနဲ့ မွှေးကြိုင်စေပါတယ် ။
မိန်းကလေးတစ်ယောက်ရဲ့ ရုပ်ရည်ဟာ လှချင်မှ လှပါလိမ့်မယ် ။ ဒါပေမဲ့ စာဖတ်တဲ့ မိန်းကလေးက အပြောအဆိုရည်မွန်မှု ၊ ဟာသဉာဏ်ရှိမှု နဲ့ တစ်ခါခါ ရေလို ပျော့ပျောင်းပြီး တစ်ခါခါ လေလို လူကို စွဲငြိစေတာကြောင့် သူဟာ တမူထူးခြားပါတယ် ။
စာအုပ်က နှုတ်ခမ်းနီ ပါးနီ အလှပြင်ပစ္စည်း မဟုတ်ပါဘူး ။ ဒါပေမဲ့ မိန်းကလေးရဲ့ရုပ်ရည်ကို အမြဲပေါ်လွင်စေနိုင်တယ်
စာအုပ်က တုတ်လက်နက် မဟုတ်ပါဘူး ။
ဒါပေမဲ့ မိန်းကလေးကို ခွန်အားရှိ ထည်ဝါစေနိုင်တယ် ။
စာအုပ်က အတောင်ပံ မဟုတ်ပါဘူး ။
ဒါပေမဲ့ မိန်းကလေးကို ပျံသန်းစေနိုင်တယ် ။
စာအုပ်က အရာရာ မဖြစ်နိုင်ပါဘူး ။ ဒါပေမဲ့ မိန်းကလေးကို လောကဓံတရား ကြံ့ကြံ့ခံစေနိုင်တယ် ။
စာအုပ်က မှော်ဆရာရဲ့ တုတ်တံ မဟုတ်ပါဘူး ။ ဒါပေမဲ့ မိန်းကလေးကို လူတိုင်းနှစ်သက်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်စေနိုင်ပါတယ် ။