ဟိန္ဒူ ဘာသာအရ ရှီဝနတ်ဘုရားဟာ ပထမဆုံးသော ယောဂီဖြစ်ပါတယ် ရှီဝဟာ သူ့ဇနီးကို ယောဂ သင်ကြားပေးဖို့အတွက် ဘယ်သူမှမရှိတဲ့ ကျွန်းလေးတစ်ကျွန်းပေါ်ကို ခေါ်လာခဲ့တယ်။သူတို့နှစ်ယောက်ဟာ မြစ်ကမ်းဘေးမှာ ထိုင်ကြပြီး ရှီဝက သူ့ဇနီး ပါဝတီကို ယောဂအကြောင်း စတင် ရှင်းပြပါတော့တယ်။

အဲဒီအချိန် မြစ်ထဲမှာ ငါးတစ်ကောင်ရှိနေပြီး ရှီဝရဲ့ ယောဂအကြောင်း ရှင်းပြပြောဆိုနေမှုကို နားထောင်နေပါတယ် အဲဒီငါးဟာ ရှီဝပြောပြနေတဲ့ ယောဂအကြောင်းကို စိတ်ဝင်စားလွန်းလို့ မှင်သက်ပြီး နားထောင်နေမိတာ လုံးဝ မလှုပ်မယှက် ဖြစ်သွားတဲ့အထိပါပဲ ရှီဝရဲ့ ယောဂသင်ကြားမှု အားလုံးကို ရရှိသွားတဲ့ ငါးဟာ နောက်ဆုံးမှာတော့ ဥာဏ်အလင်းပေါက်ပြီး တရား ရသွားခဲ့ပါတယ်။

သူပြောသမျှ ယောဂအကြောင်း နားထောင်ပြီး သင်ယူနိုင်ခဲ့တဲ့ ငါးကို ရှီဝက တွေ့ရှိသွားတော့ အဲဒီငါးကို ငါးဘုရင်အဖြစ် ချီးကျူးပြောဆိုလိုက်ပါတယ်။ဒါကြောင့်ပဲ အဲဒီအချိန်ကစပြီး ငါးဘုရင်ဟာ ရှီဝနတ်ဘုရားရဲ့ ပထမဆုံးသော ယောဂသာဝက ဖြစ်လာပါတော့တယ်။အဲဒီနောက်မှာတော့ ငါးဘုရင်ဟာ နတ်ဘုရားအသွင်နဲ့ ကုန်းပေါ်ကို တက်လာပြီး သင်ကြားမှုတွေကို အပြည့်အဝ လက်ခံရရှိစေဖို့ ကျောရိုးကို လှည့်လိမ်ပြီး ထိုင်နေပါတော့တယ်။

ဒါကြောင့် ဒီထိုင်နည်းကို ငါးဘုရင်ထိုင်နည်း မက်စီယန်ဒရာစန လို့ခေါ်တာပါ သက္ကတဘာသာအားဖြင့် မက်စီယာဆိုတာ ငါးဖြစ်ပြီး အန်ဒရာဆိုတာက ဘုရင်ကိုခေါ်တာပါ အာစနဆိုတာကတော့ ထိုင်ပုံထိုင်နည်းပဲ ဖြစ်ပါတယ် ဒီစကားလုံး သုံးခုကို ပေါင်းစပ်ပြီး မက်စီယန်ဒရာစန ငါးဘုရင်ထိုင်နည်းရယ်လို့ ဒဏ္ဍာရီ ဖြစ်လာခဲ့တာပါ။

ယောဂအစဉ်အလာအရ အခုလို ကျောရိုးလိမ် ငါးဘုရင်ထိုင်နည်းဟာ ယောဂကျင့်စဉ်တွေထဲမှာ အလွန်အရေးပါတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်တယ်လို့ အသိအမှတ်ပြု လက်ခံထားရပါတယ် ဒါကို ၁၄ ရာစုတုန်းက ပြုစုဖော်ပြထားခဲ့တဲ့ ယောဂလက်စွဲကျမ်း ဟထယောဂ ပရာဒီပီကာထဲမှာ တွေ့ရှိရမှာပါ။

ငါးဘုရင်ထိုင်နည်းဟာ ဝမ်းမီးအား ကောင်းစေတဲ့ အတွက် ရောဂါဟူသမျှကို ပျောက်ကင်းစေပြီး ကုဏ္ဍလိနီလို့ခေါ်တဲ့ စွမ်းအင်ထူးတွေကို နိုးကြားလာစေပါတယ် ကုဏ္ဍလိနီဆိုတာကတော့ ကျောရိုးမကြီးရဲ့ အောက်ခြေအရင်းမှာ မြွေတစ်ကောင်လို ခွေပြီး ကိန်းဝပ်ငြိမ်သက်နေတဲ့ အမဓာတ် စွမ်းအားပဲ ဖြစ်ပါတယ်။

ငါးဘုရင်ပုံစံနဲ့ ထိုင်တဲ့အခါမှာ အသက်ရှူ မှုဟာ လှိုင်းတစ်ခုလို အတက်အကျ ရှိနေရပါမယ် ရှူ သွင်းလိုက်တဲ့ လေတိုင်းမှာ ကျောရိုးကို ဆန့်ထုတ်ပြီး ရှူ ထုတ်လိုက်တဲ့ လေနဲ့အတူ ကျောရိုးကို လှည့်လိမ်ပေးရပါမယ် ပခုံးတွေကို လျှော့ထားပြီး ညာဘက်ခြေထောက်ကို ကြမ်းပြင်ပေါ် ဖိနင်းထားရပါမယ် အသက်ရှူ ထုတ်လိုက်တိုင်း ကျောရိုးဟာ ပိုပြီး ပိုပြီး လည်လာရပါမယ် ဒီအနေ အထားမှာ နေနိုင်သလောက် ကြာကြာနေပြီး ရှူ ထုတ်တဲ့ လေနဲ့အတူ ပြန်ဖြေလျှော့ရပါမယ် နောက်တစ်ဘက်ကိုလည်း ဒီအတိုင်း ထပ်လုပ်ရမှာဖြစ်ပါတယ်။

ငါးဘုရင်ထိုင်နည်းရဲ့ အကျိုးကျေးဇူးတွေကတော့

၁။ နံရိုးနဲ့ရင်ဘတ်ကို ဖွင့်ပေးပါတယ်။
၂။ အစာချေစနစ်နဲ့ စွန့်ထုတ်အားကို ကောင်းစေပါတယ်။
၃။ အသည်းနဲ့ကျောက်ကပ်တွေကို လှုံ့ဆော်ပေးပါတယ်။
၄။ ကျောရိုးမကြီးကို အားဖြည့်ပေးပြီး
၅။ ပခုံး တင်ပါး ကျောနဲ့ လည်ပင်းတို့ကို ဆွဲဆန့်ပေးပါတယ်။

ငါးဘုရင်ထိုင်နည်းဟာ အစာချေဖျက်ဖို့ အကောင်းဆုံး ဖြစ်သလို ခန္ဓာကိုယ်တွင်းအင်္ဂါတွေဆီကိုလည်း သန့်စင် လတ်ဆတ်တဲ့ သွေးတွေ ပို့ပေးပါတယ် ကျောရိုး ပျော့ပျောင်းလာတာနဲ့အမျှ ငယ်ရွယ်နုပျို နေမယ်လို့လည်း ယောဂီတွေက ယုံကြည်ထားကြပါတယ်။

ဒီကျင့်စဉ်ကို မှန်ကန်စွာ လုပ်ဆောင်မယ်ဆိုရင် ကျောရိုးမကြီး တစ်လျှောက်လုံးမှာရှိတဲ့ ကျောရိုးဆစ်တွေကို သွေးအားဖြည့်ပေးပြီး ကျောရိုးကို ထောက်ကန်ပေးထားတဲ့ ကြွက်သားလေးတွေအားလုံးကိုလည်း သန်စွမ်း ပျော့ပျောင်း လာစေပါတယ်။

ဒီထိုင်နည်းမှာ ခန္ဓာကိုယ် အပေါ်ပိုင်းကို ဖိသိပ်မှုနဲ့ ဆန့်ထုတ်မှုတို့ တစ်လှည့်စီ လုပ်ပေးနေတဲ့အတွက် သွေး လည်ပတ်မှု အားကောင်းလာပြီး အတွင်းကလီစာတွေ ကျန်းမာသန်စွမ်းလာမှာပါ။

ငါးဘုရင်ထိုင်နည်းကျင့်စဉ်မှာ အစာအိမ် ကျောက်ကပ်နဲ့ အူမကြီးတို့ကို ညှစ်ထားပေးတဲ့အတွက် အစာကြေညက်အား ကောင်းလာပြီး အစာဟောင်း စွန့်ထုတ်မှုကို လွယ်ကူစေပါလိမ့်မယ် တစ်ချိန်တည်းမှာပဲ ပခုံး တင်ပါးနဲ့ လည်ပင်းကြွက်သားတွေဟာလည်း အံဩစရာကောင်းအောင် ဆွဲဆန့်ခြင်း ခံထားရမှာ ဖြစ်ပါတယ်။

Credit;Thiha Yoga Class