ယောဂနဲ့အာယုဗေဒအရ ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ စေဖို့အတွက် ခန္ဓာကိုယ်တွင်းမှာ သွေးနဲ့လေ ညီညွတ်မျှ တ နေဖို့လိုပါတယ်။ဝမ်းမီးကို ပျက်စေတဲ့ အကြောင်း ရင်း ၃ ခု ကတော့ လေ လို့ခေါ်တဲ့ ဝါတ ကြောင့်ရယ် သည်းခြေလို့ခေါ်တဲ့ ပိတ္တ ကြောင့်ရယ်နဲ့ သလိပ်လို့ခေါ်တဲ့ ကဖ ကြောင့်ရယ်ပါ။ဓာတ် သဘောနဲ့ ပြောမယ်ဆိုရင်တော့ ဝါယော တေဇော ပထဝီနဲ့ အာပေါ တို့ပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ အဓိကကျတဲ့ ဝါယောဓာတ် လေ မှာလည်း ခန္ဓာကိုယ်အတွင်း လှည့်လည် လှုပ်ရှား သွားလာနေတဲ့ လေ ၅ မျိုး ရှိပါတယ်။အဲဒီ လေ တွေကတော့

၁။ ပရာနာဆိုတဲ့ လေ ဟာ အသက်ရှူ သွင်း ရှူ ထုတ် လုပ်နေတဲ့ လေ ဖြစ်ပါတယ် ဒီ လေ ဟာ လည်ပင်းနဲ့ ရင်ခြားမြေး ကန့်လန့်ဖြတ် ကြွက်သား ဒိုင်ယာဖရမ်တို့အကြား ရင်ခေါင်းပိုင်း တစ်ဝိုက်မှာ မင်းမူထားပြီး နှလုံးနဲ့ အသက်ရှူ မှုဆိုင်ရာ အင်္ဂါတွေ အလုပ်လုပ်နိုင်ဖို့ အသက် သွင်းပေးနေတာ ဖြစ်ပါတယ်။

၂။ ဥဒါန လေ က လည်ပင်းနဲ့ ဦးခေါင်းကို ပိုင်စားပါတယ် အာရုံခံ အင်္ဂါတွေဖြစ်တဲ့ မျက်စိ လျှာ နှာခေါင်းနဲ့ နားရွက်တို့ကို အသက်သွင်းပေးထားတဲ့ လေပါ ဥဒါန လေ ဟာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ အားလုံးဆက်စပ်နေတဲ့ ကြွက်သား အရွတ် အဆစ်နဲ့ နာဗ်ကြောတွေကိုပါ သဟဇာတဖြစ်အောင် လုပ်ဆောင်ပေးရတဲ့ တာဝန် ရှိပါတယ် ခန္ဓာကိုယ်ကြီး မတ်မတ် ရပ် နေနိုင်တာ ဒီ လေ ကြောင့်ပါ ပြင်ပကမ္ဘာကို တုံ့ပြန်မှု ပေးဖို့အတွက်လည်း ဒီ လေ မှာ တာဝန် ရှိပါတယ် ခံတွင်းထဲက အစာကို အစာအိမ်အထိ ရောက်အောင် ပို့ဆောင်ပေးတာကလည်း ဥဒါန လေပါပဲ။

၃။ ဗျာနလေကတော့ တစ်ကိုယ်လုံးကို လွှမ်းခြုံ လှည့်ပတ်နေတဲ့ လေ ဖြစ်ပါတယ် လှုပ်ရှားမှု အားလုံးကို ထိန်းချုပ် ဆောင်ရွက်ထားပြီး ပရာနာ လေကို ပေါင်းစည်းပေးပါတယ် အာယုဓာတ် ဖြစ်တဲ့ ပရာနာလေရဲ့ အရံ သက်စောင့် စွမ်းအင် ဆိုရင်လည်း မမှားပါဘူး။

၄။ နှလုံးနဲ့ ချက် အကြားမှာ တည်ရှိတဲ့ သမာန လေ ဟာ အစာခြေ အင်္ဂါတွေ ဖြစ်တဲ့ အသည်း အူ အစာအိမ်နဲ့ ပန်ကရိယအကြိတ်တို့ကို ထောက်ပံ့ပေးပြီး ပါစကဓာတ်ရည်ကို ထုတ်လုပ်ပေးပါတယ် ဒီ လေ ဟာ ရုပ်ပိုင်းဆိုင်ရာ ပြောင်း လဲမှု ဖြစ်ပေါ်လာဖို့အတွက် အာဟာရဓာတ် ဩဇာ ထုတ်ပေးဖို့ တာဝန်ရှိသလို ဆင့်ကဲဖြစ်စဉ် အရလည်း ကုဏ္ဍလိနီ နိုးကြားဖို့နဲ့ သတိတရား အားကောင်းဖို့ သွေးသား တော်စပ်နေပါတယ်။

၅။ အပါန ဆိုတဲ့ လေ ကတော့ ချက် အောက်ပိုင်း ဝမ်းခေါင်းတွင်းမှာ ကြီးစိုးထားပြီး အူမကြီး ကျောက်ကပ် စအိုဒွါရနဲ့ မျိုးပွားအင်္ဂါတွေကို
အားထုတ်မှု ပေးပါတယ် ဒီ လေ ရှိနေလို့သာ ကျင်ကြီး ကျင်ငယ် ရာသီသွေး သုတ်နဲ့ ကိုယ်ဝန် အစရှိတာတွေကို ခန္ဓာကိုယ် အပြင်ဖက် ရောက်အောင် ထုတ်ဆောင် ပေးနေနိုင်တာ ဖြစ်ပါတယ်။

Credit;သီဟ အဋ္ဌင်္ဂယောဂ