ရာသီလာခါနီးရက်တွေမှာ ရင်သားတွေ တင်းပြည့်လာတာ၊ ပုံမှန်ထက် ပိုကြီးလာပြီး ထိလိုက်တာနဲ့ နာကျင်တာမျိုးဟာ အမျိုးသမီးအများစု ကြုံတွေ့ရလေ့ရှိတဲ့ သဘာဝဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်ထဲက အမျိုးသမီးဟော်မုန်း နှစ်မျိုးဖြစ်တဲ့ အီစထရိုဂျင် (Estrogen) က နို့ရည်ပြွန်တွေကို ကျယ်စေပြီး ပရိုဂျက်စတုန်း (Progesterone) က နို့ရည်ဂလင်းတွေကို ဖောင်းပွလာစေတာကြောင့် ပေါင်းစပ်ဖြစ်ပေါ်လာရတာပါ။
ဒီလို နာကျင်မှု (Cyclical breast pain) ဟာ ရာသီမလာမီ ၃ ရက်မှ ၁၀ ရက်အလိုကတည်းက စတင်ဖြစ်ပေါ်လေ့ရှိပြီး ရာသီစတင်လာသည်နှင့်တစ်ပြိုင်နက် အလိုလို ပြန်လည်သက်သာသွားတတ်ပါတယ်။ နာကျင်မှုပမာဏကတော့ တစ်ဦးနဲ့တစ်ဦး ဟော်မုန်းတုံ့ပြန်ပုံချင်း မတူညီတာကြောင့် အနည်းငယ်တင်းရုံမှ အထိမခံနိုင်အောင် နာကျင်သည်အထိ ကွဲပြားနိုင်ပါတယ်။
ဒီလို နေရထိုင်ရခက်စေတဲ့ ရင်သားနာကျင်မှုကို ကောင်းစွာထိန်းချုပ် သက်သာစေမယ့် နည်းလမ်းကောင်းများကို အောက်ပါအတိုင်း စနစ်တကျ ပြင်ဆင်ဖော်ပြပေးလိုက်ပါတယ်။
၁။ သက်တောင့်သက်သာရှိသော ဘရာအမျိုးအစားသို့ ပြောင်းလဲပါ
ရင်သား တင်းပြည့်နေသည့်အချိန်တွင် သာမန်ဘရာများ သို့မဟုတ် ဂျပ်ပါသော ဘရာများ ဝတ်ဆင်ပါက ပိုမိုဖိနှိပ်ိသလိုဖြစ်ပြီး နာကျင်စေပါသည်။ ထို့ကြောင့် အထောက်အပံ့ကောင်းစွာပေးသည့် Sports Bra များ သို့မဟုတ် ဆိုဒ်တစ်ဆိုဒ် ပိုကြီးသည့် ဘရာများကို ချိတ်လျှော့၍ သက်တောင့်သက်သာ ဝတ်ဆင်ပေးပါ။
၂။ အာဟာရဓာတ်နှင့် ဖြည့်စွက်အားဆေးများ အားကူပါ
Evening Primrose Oil၊ ဗီတာမင် B6 နှင့် ဗီတာမင် E တို့သည် ရာသီမလာမီ ဟော်မုန်းကြောင့် ရင်သားတင်းကြပ်မှုကို သက်သာစေသည့် အာနိသင်ရှိပါသည်။ (အားဆေးများ မမှီဝဲမီ သေချာစေရန် ဆရာဝန် သို့မဟုတ် အာဟာရဆိုင်ရာ ကျွမ်းကျင်သူနှင့် မေးမြန်းတိုင်ပင်ပါ)။
၃။ ကိုယ်အလေးချိန်ကို သင့်တင့်အောင် ထိန်းညှိပါ
ခန္ဓာကိုယ်တွင် အဆီဓာတ်များပြားခြင်းသည် ရင်သားနာကျင်မှုကို ပိုမိုဆိုးရွားစေနိုင်ပါသည်။ ကိုယ်အလေးချိန်ကို ၂ ပေါင်မှ ၃ ပေါင်ခန့် လျှော့ချလိုက်ရုံဖြင့်ပင် ရင်သားနာကျင်မှု ဝေဒနာ သိသိသာသာ သက်သာသွားသည်ကို တွေ့ရပါလိမ့်မည်။
၄။ စိတ်ဖိစီးမှုများကို လျှော့ချပါ
စိတ်ဖိစီးမှု မြင့်မားသည့်အခါ ခန္ဓာကိုယ်တွင်း ဟော်မုန်းညီမျှမှုကို ပိုမိုပျက်ပြားစေပါသည်။ စိတ်လက်ပေါ့ပါးစေမည့် ဝါသနာပါရာ အလုပ်များကို ပြုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချပါ။
၅။ စားသောက်မှုပုံစံကို သေချာဆင်ခြင်ပါ
-
ရှောင်ရန် အအစားအစာများ – ကဖိန်းဓာတ်ပါသော ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ လက်ဖက်သုပ်နှင့် အားဖြည့်အချိုရည်များ။ ခန္ဓာကိုယ်တွင် ရေဖောစေသည့် အငန်ဓာတ်များသော အစားအစာများ၊ ပြုပြင်ထားသော အသင့်စားအစားအစာများနှင့် အဆီပါဝင်မှုများသော နို့ထွက်ပစ္စည်းများ။
-
စားသုံးရန် အအစားအစာများ – လတ်ဆတ်သော အသီးအရွက်များနှင့် အစေ့အဆန်များကို အဓိကထား စားသုံးပေးပါ။
၆။ ပေါ့ပါးသော လှုပ်ရှားမှုများကိုသာ ပြုလုပ်ပါ
ရင်သား တင်းပြည့်နေချိန်တွင် ပြင်းထန်သော သို့မဟုတ် ခုန်ပေါက်ရသော လေ့ကျင့်ခန်းများကို ရှောင်ကြဉ်ပါ။ ပေါ့ပေါ့ပါးပါး လမ်းလျှောက်ခြင်း သို့မဟုတ် စက်ဘီးစီးခြင်းကဲ့သို့ လှုပ်ရှားမှုများကိုသာ ပြုလုပ်ပေးပါ။
၇။ အိမ်တွင်း ကူညီကုသမှုများ အသုံးပြုပါ
အဝတ်စခံထားသော ရေခဲဝတ် သို့မဟုတ် ရေနွေးအိတ်ကို နာကျင်သည့်နေရာသို့ မိနစ် ၂၀ ထက် မပိုဘဲ ကပ်ပေးခြင်းဖြင့် ကြွက်သားများနှင့် တစ်ရှူးများကို ပြေလျော့စေပါသည်။ လိုအပ်ပါက သာမန် အကိုက်အခဲပျောက်ဆေးများ သောက်သုံးနိုင်ပါသည်။
🚨 ဘယ်လိုအခြေအနေမျိုးမှာ ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်သလဲ?
ရာသီလာခါနီး ရင်သားနာခြင်းသည် ပုံမှန်ဖြစ်သော်လည်း အောက်ပါလက္ခဏာများ ကြုံတွေ့ရပါက ကျန်းမာရေးဆရာဝန်များနှင့် စစ်ဆေးမှု ခံယူသင့်ပါတယ် –
-
နေ့စဉ် ပုံမှန်အလုပ်များ မလုပ်နိုင်လောက်အောင် အလွန်အမင်း နာကျင်နေခြင်း
-
ရာသီလာသည့်ရက်များ မဟုတ်ဘဲ တခြားအချိန်များပါ ဆက်တိုက် နာကျင်နေခြင်း
-
ရင်သားတွင် အကျိတ် သို့မဟုတ် အဖုအကျိတ်များ စမ်းမိခြင်း
-
နို့သီးခေါင်းမှ ပုံမှန်မဟုတ်သော အရည် သို့မဟုတ် သွေးများ ထွက်လာခြင်း
-
ရင်သားအရေပြား ပုံသဏ္ဌာန် သို့မဟုတ် အရောင်ပြောင်းလဲလာခြင်း
