breathingtechnique

လူ့ဘဝကို ပဌမဆုံးအသက်ရှူခြင်းကနေစခဲ့တယ်။ ရှူသွင်းတယ်။ ခဏတာထိန်းထားပြီးနောက် ရှူထုတ်တယ်။ ဝင်လိုက် ထွက်လိုက်။ အဲလိုအတိုင်း ထပ်လုပ်တယ်။ အသက်ရှူနှုန်း စည်းချက်ကျလာတယ်။ သေဆုံးတဲ့အထိ။

ကိုဗစ်ဗိုင်းရပ်စ်ကလည်း အသက်ရှူလမ်းကနေဝင်တယ်။ အဆုတ်ထိရောက်တယ်။ အဲတော့ အသက် ဘယ်လိုရှူသလဲကို ဆေးပညာနည်းကျ သိခြင်းအားဖြင့် အထောက်အကူပြုမယ်။ ပိုပြီးထိရောက်စေပါမယ်။ လေ့ကျင့်မှုလိုတယ်။

နည်းအမျိုးမျိုးထဲက တနည်းကိုတင်ပြပါမယ်။ Ventilation အသက်ရှူသွင်းခြင်းနှာခေါင်းနဲ့ ပါးစပ်ကနေ လေဝင်တယ်။ အာခေါင်၊ လေပြွန်၊ လေပြွန်ကြီး၊ အဆုတ်။ diaphragm ခေါ် ရင်ခေါင်းနဲ့ ဝမ်းဗိုက်ကြားက ကြွက်သားပြးခုံခုံကြီးနဲ့ နံရိုးတွေကြားက ကြွက်သားတွေက လုပ်ဆောင်ပေးကြတယ်။ ရင်ခေါင်းပိုင်းနဲ့ ဝမ်ဖိုက် ဖေါင်းလာမယ်။ အဆုတ် ဖေါင်းကားလာမယ်။ ဖိအားနည်းလို့ လေက အထဲဝင်လာတာ။ လေပြန်ထုတ်တော့ ပြောင်းပြန်ဖြစ်မယ်။ ဖိအားများလို့ လေပြန်ထွက်တယ်။ pulmonary ventilation အဆုတ်ကနေအသက်ရှူခြင်းလို့ ခေါ်တယ်။Respiration အသက်ရှူခြင်းအဆုတ်ထဲမှာ အောက်စီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် အလဲအလှယ်ပြုကြတယ်။ အောက်စီဂျင်က လေထဲကပါလာတာ။ alveoli ခေါ် သန်းပေါင်းများစွာသော လေအိတ်သေးသေးလေးတွေမှာ ဆောင်ရွက်တယ်။ သူတို့ဘေးနာက သွေးကြောသေးသေးလေးတွေနဲ့ တွဲလုပ်ဆောင်တာဖြစ်တယ်။ အောက်စီဂျင်နဲ့ သွေးနီဥထဲက ဟီမိုဂလိုဘင်တို့ ပေါင်းစပ်ကြတယ်။ တချိန်တည်းမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူထုတ်လေထဲမှာ ပါသွားတယ်။ Sound အသက်ရှူသံပြန်ထုတ်တဲ့အခါ လေဟာ လေပြွန်ကနေထွက်တယ်။ အသံအိုးလို့လည်းခေါ်တယ်။ vocal cords တုန်ခါပြီး အသံထွက်တယ်။Scent လေနံ့လေဟာနှာခေါင်းထဲဝင်လာစဉ်မှာ လေထဲပါဓါတ်ပစ္စည်းတွေကို အနံ့ခံနိုင်တယ်။ အာရုံခံတွေရှိလို့ဖြစ်တယ်။

Exercises လေ့ကျင့်ခန်းအသက်ရှူမှု ပိုကောင်းအောင်ဖြစ်တယ်။ အဲဒါမှ Ventilation အသက်ရှူသွင်းခြင်း အကောင်းဆုံးဖြစ်စေပြီး ကိုဗစ်ဝင်လာခြင်း အနည်းဆုံးဖြစ်စေမယ်။ လူတိုင်းမှာ အာရုံကြောစနစ်တွေရှိတယ်။ autonomic nervous system စနစ်ထဲမှာ sympathetic နဲ့ parasympathetic လို့ရှိတယ်။ ရှူသွင်းခြင်းကနေ sympathetic nervous system စနစ်ကို နှိုးဆွတယ်။ နှလုံးခုန်နှုန်း၊ သွေးဖိအားနဲ့ ကြွက်သားအား တက်စေမယ်။ ချွေးထွက်ခြင်းတွေ ဖြစ်စေတယ်။ ရုပ်ပိုင်း အားထုတ်မှုအတွက်ပြင်ဆင်ပေးမှုဖြစ်တယ်။ ရှူထုတ်ခြင်းကနေ parasympathetic nervous system ကို နှိုးဆွတယ်။ နှလုံးခုန်နှုန်း၊ သွေးဖိအားနဲ့ ကြွက်သားအား နည်းစေမယ်။ ရုပ်ပိုင်းနားနေမှုအတွက်ဖြစ်တယ်။ အိပ်စက်နိုင်တယ်။ အစာကျေချက်နိုင်မယ်။

Breathing Technique နည်းလမ်း (၁)

– ကြမ်းပြင်မှာ ခြေနှစ်ချောင်း အပြိုင်တားပြီး ဆန့်တန်းထားပါ။ သက်တောင့်သက်သာရှိပါစေ။ လည်ပင်း၊ ခေါင်း၊ ကိုယ် အနေတော်ရှိပါစေ။- ကြွက်သားအားလုံး တင်းအားတွေ လျှော့ချပါ။

– ဆိတ်ငြိမ်ပြီး ချောချောမွေ့မွေ့ရှိတဲ့ နှာခေါင်းနဲ့ ဒိုင်ယာဖရမ်နည်း အသက်ရှူခြင်းလုပ်ပါ။

– ပုံမှန်သာ ရှူပါ။ ရှူသွင်းချိန်နဲ့ ရှူထုတ်ချိန် ကြာချိန်ရေတွက်ပါ။

– ရှူသွင်းချိန် ၁-၂-၃-၄။ ရှူထုတ်ချိန် ၁-၂-၃-၄။

– တဖြည်းဖြည်းနဲ့ အချိန်ကိုပိုကြာစေပါ။ ရှူသွင်းချိန် ၁-၂-၃-၄-၅-၆-၇-၈။ ရှူထုတ်ချိန် ၁-၂-၃-၄-၅-၆-၇-၈။

– ကိုယ့်ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်နိုင်မှုကိုတော့ ချင့်ချိန်ပါ။

Breathing Technique နည်းလမ်း (၂)

PLBT (Pursed Lip Breathing Technique) နည်းလို့လည်းခေါ်တယ်။ အသက်ရှူတာကို နှေးစေမယ်။ အလေးမတာ၊ တောင်တက်တာ၊ ခါးကုန်းတာအတွက်လည်း အသုံးကျတယ်။ COPD ခေါ် နာတာရှည် အသက်ရှူလမ်းဆို့ပိတ်လူနာတွေအတွက်လည်း အသုံးဝင်တယ်။

– လည်ပင်းနဲ့ ပခုံးကြွက်သားတွေ လျှော့ချထားပါ။

– နှာခေါင်းကနေ လေရှူပါ။ လေကဗိုက်ထဲထိရောက်မယ်။- ၁-၂ ရေတွက်ပါ။ (၁-၂-၃-၄) အထိလည်းဖြစ်နိုင်တယ်။

– ပါးစပ်နှုတ်ခမ်းစေ့ထားရမယ်။ ခရာမှုတ်သလို။

– တဖြည်းဖြည်း လေထုတ်ပါ။ ၁-၂-၃-၄ မှာ လေကုန်ပါစေ။ ၁-၂-၃-၄-၅-၆-၇-၈ အထိလည်း ဖြစ်နိုင်တယ်။

– လေထုတ်ချိန်ဟာ လေသွင်းချိန်ထက် (၂) ဆ ကြာမယ်။

ရေးသားသူ ဒေါက်တာတင့်ဆွေ