အောက်ဆီဂျင်ကျလို မောနေတဲ့လူနာများ အောက်ဆီဂျင် မရှူရနိုင်သေးခင် လုပ်ထားရမယ့် အချက်များထဲမှာ အရေးကြီးတာက မှောက်လျက်(Prone position) ထားပေးဖိုပါပဲ။ ဒီအချက်က အခြားဆေးမြီးတိုနှင့် အရွက်။ အငွေ့များကို ရှူတာထက် ပိုအရေးကြီးလို အရင်ဦးဆုံးကို လုပ်ဆောင်ပေးကြပါနော်။
အကျိုးကျေးဇူးများက
– အဆုတ်လေအိတ်တွေထဲကို အောက်ဆီဂျင် ပိုရောက်စေပါတယ်။
– နှလုံးကြွက်သားတွေ ညှစ်အားပိုရှိ လာစေလို သွေးလှည့်ပတ်မှုများ ကောင်းလာပြီး သွေးနီဥများမှ တဆင့်လည်း အဆုတ်သို အောက်ဆီဂျင် များများပို ရောက်စေပါတယ်။
– ချွဲများရှိရင် ပိုမိုလွယ်ကူစွာ ထွက်လာနိုင်လို မောကြပ်ခြင်းများ လျော့ပါးစေပါတယ်။
💥Prone position ထားခြင်းနှင့် ပတ်သက်ပြီး သတိထားနိုင်ရန် အချက်များ
– မှောက်ထားချိန်မှာ သက်တောင့်သက်သာ ရှိစေရန် အခုအခံ ခေါင်းအုံးငယ် ၅ခုထားပေးပါ။ (ခေါင်းအောက်၁လုံး၊ ရင်ခေါင်းအောက် ၂လုံး၊ တင်ပါးအောက် ၁လုံးနှင့် ခြေသလုံးအောက် ၁လုံး)
– ခေါင်းအုံးခုချိန်မှာ ဝမ်းဗိုက်ပိုင်းကို နေရာလွတ် ထားပေးပါ။ ဒါမှသာ အသက်ရှူရ ပိုမိုလွယ်ကူသွားပါမယ်။
– အောက်ဆီဂျင် ရှူနေပါက မှောက်နေစဉ် ဆက်လက်ရှူထားပါ။ ပိုက်များ မခေါက်မဖိမိနေဖို သတိပြုပါ။
– စားသောက်ချိန်၊ ကိုယ်လက် သန့်ရှင်းလုပ်ချိန် တွေကလွဲလို ကျန်အချိန်များမှာ မှောက်နေနိုင်ပါတယ်။ ဒါပေမယ့် အစာစားပြီး ချက်ချင်းတော့ မမှောက်သင့်ပါဘူး။ စားပြီးနာရီဝက် ၁နာရီခန့် ကြာမှသာ မှောက်ပါ။
– (မှောက်ခုံ၊ ဘယ်ဘက်စောင်း၊ ၃၀°- ၆၀°ဦးခေါင်းမြှင့်ထိုင်၊ ညာဘက်စောင်း၊ ပြန်မှောက်ခုံထား) ဒီလိုအစဉ်လိုက် လှည့်ပြောင်း ပြုလုပ်ပါ။ ၃၀°- ၆၀° အနေအထားအတွက် ဦးခေါင်း နောက်ကျောဘက်များကို ခေါင်းအုံးများခု၍ ထောင်မတ်ထားပေးပါ။
– အနေအထား တခုစီကို တကြိမ်လျင် ၃၀မိနစ်မှာ ၂နာရီလောက်ထိ နေနိုင်ပါတယ်။ တနေ့ကို စုစုပေါင်း ၁၆နာရီခန့်အထိ ဒီလိုပုံစံတွေနဲ့ နေနိုင်ပါတယ်။
– လူနာရဲ့ နောက်ကျောကို လက်ဖျားပိုင်းလေးနဲ့ ခပ်ဖွဖွလေး ပုတ်ပေးနိုင်ပါတယ်။
– သွေးလှည့်ပတ်မှု ပိုကောင်းစေဖို ခြေထောက်များကို အနည်းငယ်စီ လှုပ်ရှားပေးခြင်း၊ ခပ်ဖွဖွ နှိပ်ပေးခြင်းများ လုပ်ပေးပါ။ (ပြင်းပြင်းနှိပ်ခြင်း၊ အပူထုတ်ခြင်းများ လုံးဝမလုပ်ရပါ။ သွေးခဲရှိနေပါက ပြုတ်ထွက်သွားပြီး အဆုတ်သွေးကြောမှာ သွားပိတ်တတ်လိုပါ။)
– အနေအထား တခုမှတခုသို ပြောင်းပြီးတိုင်း သွေးတွင်းအောက်ဆီဂျင် (SPO2%)ကို ပြန်တိုင်းကြည့်ပေးပါ။
ဘယ်လိုလူမျိုးတွေမှာ မှောက်လျက်မနေသင့်ဘူးလဲ?
– အဝလွန် ဗိုက်ပူလွန်းသူများ၊ ကိုယ်ဝန်ဆောင် လရင့်သူများ၊
– လတ်တလော ရင်ဘတ်၊ ဝမ်းဗိုက်၊ ခါးရိုး ခွဲစိတ်ထားသူများ၊
– ခါးရိုးဆစ် ပြဿနာကြောင့် ခါးနာနေသူများ၊
– သွေးခဲရောဂါရှိသူ၊ သွေးအလွန်တိုးနေသူ၊ အပေါ်သွေး 90mmHg အောက် ကျနေသူ၊
– ဦးခေါင်းတွင်း သွေးဖိအားများနေသူများ၊ သတိမကောင်းသူများ။
🚨ဒလိုတွေ မှောက်နေရင်းနဲ့မှ SPO2% မတက်လာသေးဘဲ မျက်နှာ၊ နှုတ်ခမ်းများပြာလာတာ၊ ခြေလက်များ အေးလာတာ၊ အသက်ရှူမဝ ဖြစ်လာတာ၊ သတိလက်လွတ် ဖြစ်လာတာစတဲ့ အောက်ဆီဂျင် ပိုကျလာခြင်းရဲ့ လက္ခဏာတွေ ရှိလာရင်တော့ အချိန်မဆိုင်းဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ကို ချက်ချင်းတိုင်ပင် ဆွေးနွေးပါ။
