ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ ရေဓာတ် ၇၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတာပါ။ ခန္ဓာကိုယ်မှာ ဖျားတဲ့အခါ၊ ချောင်းဆိုး အသက်ရှုမြန်တဲ့အခါ ရေဓာတ်က အလျင်အမြန်ဆုံးရှုံးပါတယ်။ ပျို့အန် ဝမ်းလျှောတဲ့အခါ ပိုလို့တောင် ဆုံးရှုံးပါသေးတယ်။ ရေဓာတ်ခမ်းခြောက်လာလျှင် သွေးပေါင်ချိန်ကျလာခြင်း၊ ဆီးနည်းလာခြင်း၊ နောက်ဆုံးကျောက်ကပ်ထိသည်အထိဖြစ်တတ်လို့ နေမကောင်းဖြစ်နေစဉ်မှာ ရေဓာတ်အပြည့် ဖြည့်နေဖို့လိုပါတယ်။
ချောင်းဆိုးသလိပ်ထွက်တဲ့သူတွေမှာလည်း အသက်ရှုလမ်းကြောင်းမှာ ရေဓာတ်ပြည့်နေမှာမှ သလိပ်တွေကို ကောင်းကောင်းဟပ်ထုတ်နိုင်ပြီး နောက်ဆက်တွဲ အဆုတ်ရောင်အဆုတ်ခဲခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ရေဓာတ်နည်းတူ အရေးကြီးတာက အဟာရပြည့်ဝနေဖို့ပါ။
နေမကောင်းဖြစ်တဲ့အခါ ခံတွင်းပျက် အရသာပျက်တော့ စားချင်စိတ်မရှိသည်မှာ မှန်သော်လည်း တတ်နိုင်သမျှ ကြိတ်မှိတ်ပြီး အစာဝင်အောင် စားသုံးပေးရပါမယ်။
အစာအဟာရပြည့်ဝနေမှ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်က အရှိန်အဟုန်နဲ့ ဆက်လက်လည်ပတ်နိုင်မှာပါ။ ထိုအခါတွင်မှ ဝင်လာတဲ့ရောဂါပိုးကို အပြတ်တိုက်ထုတ်နိုင်မှာပါ။ အဟာရပြည့်အောင် မစားသုံးပဲ ရောဂါပိုးကိုတိုက်တဲ့အခါ စစ်မြေပြင်တစ်ခုမှာ လက်နက်အင်အားမလောက်လို့ အတုံးအရုံး ကျရှုံးရသလိုပါပဲ။ ခုခံအားမမျှလို့ ခန္ဓာကိုယ်က ဗုံးဗုံးလဲတော့တာ။ အစာအဟာရကောင်းကောင်းမပေးနိုင်တဲ့အခါ ကျွန်တော်တို့ခန္ဓာုယ်အူနံရံမှာ သဘာဝအတိုင်းရှိနေတဲ့ ဘက်တီးရီးယားတွေက သွေးထဲတွေဝင် ထကြွသောင်းကျန်းတတ်ကုန်ပြီး တစ်ပူပေါ်နှစ်ပူဆင့် ပြဿနာတွေတက်တော့တာ။
ဒါကြောင့် COVID 19 ကို တိုက်ထုတ်တဲ့အခါ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်နေဖို့၊ အဟာရပြည့်နေဖို့က အင်မတန်အရေးကြီးပါတယ်ခင်ဗျာ။ COVID 19 လူနာတွေကို ပြုစုတဲ့အခါမှာလည်း ပုံမှာလမ်းညွှန်ထားတဲ့အတိုင်း တတ်နိုင်သမျှ ရေသောက်ဖို့၊ အစာစားဖို့ တိုက်တွန်းပေးပါ။ ရောဂါဘေးအန္တရာယ်ဆိုးအပါအဝင် ကပ်ကြီးသုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ။
ရေးသားသူ Dr. ဖြိုးဇော်အောင်


