ဖျားတဲ့အခါ အကောင်းဆုံးဆေးက ပါရာစီတမော(paracetamol) ပါ။ ဒါကြောင့် COVID 19 ဖြစ်တဲ့ လူနာတွေမှာလည်း ဖျားတဲ့အခါ Paracetamol ကိုပဲ အဓိက ထားသုံးကြရပါတယ်။ ဒါပေမယ့် တချို့က Paracetamol သောက်ပေမယ့်အဖျားမကျဘူးဆိုပြီး ပြောကြတာတွေ တွေ့ပါတယ်။ မေးကြည့်လိုက်တော့ သူတို့တွေက လုံလောက်တဲ့ ပမာဏကို မသောက်နေကြတာကို တွေ့ရပါတယ်။
တကယ် အဖျားကျချင်တဲ့ အခါ paracetamol 500 mg တစ်ပြားကို တစ်နေ့ ၄ ကြိမ် သောက်သင့်ပါတယ်။ တချို့က မနက် တစ်ကြိမ် ညတစ်ကြိမ်လောက်သောက်ပြီး အဖျားမကျဘူးလို့ ပြောလာကြလို့ပါ။ တအားအဖျားကြီးလျှင် တနေ့ ၆ ကြိမ်ထိတောင် သောက်လို့ရတယ်လို့ ဆိုပါတယ်။ တချို့လူကြီးတွေမှာ တစ်ခါသောက် ၂ပြား တစ်နေ့ ၄ ကြိမ် သောက်ခိုင်းတာလည်းရှိပါတယ်။
ကလေးတွေမှာတော့ ကိုယ်အလေးချိန်ကို ၁၅ နှင့်မြောက်ပြီး ချိန်ဆတိုက်ရပါတယ်။ (15 mg/kg/dose)။
သွေးလွန်တုပ်ကွေးကလေးတွေဆိုလျှင်တော့ ၁၀ နှင့် မြောက်ပြီး တိုက်ကြပါတယ်။
မိမိကိုယ်တိုင် မချိန်ဆတတ်လျှင်တော့ ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။
ပါရာစီတမောက တခြားသော အဖျားကျ ထိုးဆေးတွေနှင့် ယှဉ်လျှင် အများကြီးလည်း ဘေးထွက်ဆိုးကျိုး သက်သာပါတယ်။ ညွှန်ထားသလောက်သောက်လို့ ဆေးလွန်ကဲသွားမှာလည်း အရမ်းမစိုးရိမ်ရပါဘူး။ 150 mg/kg လူကြီးတွေမှာ တစ်ခါတည်း အပြား ၂၀ လောက်သောက်ပါမှ ဖြစ်တာမျိုးပါ။ ဒါကြောင့် ဖျားလို့ ပါရာစီတမော သောက်လျှင်တောင် နည်းမှန်လမ်းမှန် သောက်တတ်ပါစေ။
Paracetamol လို့ ဆိုရာမှာ Biogesic မှ Paracap မှရယ်ဆိုပြီး မရှိပါဘူး။ တစ်ခုမရလျှင် တစ်ခု သောက်နိုင်ပါတယ်။ အချုပ်ဆိုသော် ဘယ်ဆေးဖြစ်ဖြစ် အချိန်မှန်မှန် နည်းမှန်မှန်သောက်ဖို့ (right time, right dose, right interval) ဆိုတာ အရေးကြီးကြောင်းပါ။ အချိန်မှန် နည်းမှန်သောက်ပြီး အဖျားမကျနေလျှင်လည်း ရောဂါအခြေအနေကို ပြန်လည်သုံးသပ်ဖို့ သက်ဆိုင်ရာဆရာဝန်ကို တိုင်ပင်ပါ။
ရေးသားသူ Dr. ဖြိုးဇော်အောင်
