hair dryer

အောက်ဆီဂျင် မရသေးရင် dryer က ထွက်တဲ့ လေပူ ရှူပေးခြင်းဖြင့် အောက်ဆီဂျင် ပြန်တက်လာတယ်ဆိုတာ တွေ့ရပါတယ်။ အလားတူ ချွဲပျော် စေတယ် ဆိုပြီး လူနာ ရဲ့ ရင်ဘတ် နဲ့ ကျောတွေ ကို hair dryer က ထွက်တဲ့ လေပူတွေ မှုတ်ပေးတာ တွေ့ရပါတယ်။
နှစ်ခုစလုံးဟာ အယူအဆ အလွဲတွေ ဖြစ်ပြီး အကြောင်းအရင်း ကို ရှင်းပြပါမယ်။

ပထမဦးစွာ hair dryer ဘယ်လို အလုပ်လုပ်သလဲ ကို ပြောပြချင်ပါတယ်။
hair dryer ဆိုသည်မှာ လျှပ်စစ်စွမ်းအင်မှ အပူ စွမ်းအင် သို့ ပြောင်းလဲပေးနိုင်တဲ့ ရိုးရှင်းတဲ့ ကိရိယာ ဖြစ်ပါတယ်။ မော်တာဖြင့်လည်စေတဲ့ ပန်ကာ နဲ့ အပူထုတ်ပေးနိုင်တဲ့ coil (heating coil) အဓိက ပါရှိ ပါတယ်။ ပလတ်တပ်လိုက်တာ နဲ့ ပန်ကာ က စတင် လည်ပြီး dryer အတွင်းမှာ လေ ကို ဖန်တီးပါတယ်။ ၄င်းလေ သည် ကျတော်တို့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လေပါပဲ။ ထိုလေ က heating coil ကို ဖြတ်သန်းလိုက်တဲ့ အခါ လေပူကို ရရှိပါတယ်။

ထိုလေပူသည် ပတ်ဝန်းကျင်မှာ ရှိသော ရိုးရိုးလေ ပဲ ဖြစ်ရာ အောက်ဆီဂျင် ပါဝင်မှုမှာလဲ အလားတူ ၂၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ထို့အပြင် hair dryer အတွင်းမှာ ရှိသော ပန်ကာသည် သန့်ရှင်းရမလွယ်သဖြင့် လေထဲမှ ဖုန်မှုန့်များ နှင့် ဘတ်တီးရီးယားပိုးများ ကပ်တွယ်နေနိုင်ကြောင်း သတိထားရပါမယ်။

သို့ဖြစ်၍ နှာခေါင်း၊ ပါးစပ်နှင့် မျက်လုံး နားသို့ နီးနီးကပ်ကပ် လေမှုတ်ခြင်းသည် ကျန်းမာရေး ရှုထောင့်အရ မကောင်းပါ။ ကိုဗစ်ရောဂါ သက်သာအောင်လဲ အထောက်အကူ မပြုသော နည်းလမ်း ဖြစ်ပါသည် ခဗျာ။ အခန့်မသင့်လျှင် အပူပါ လောင်နိုင်ပါသည်။

ကိုဗစ်ရောဂါတွင် ကြုံရသော ချွဲခဲခြင်း၊ အောက်ဆီဂျင်ကျခြင်း ဖြစ်စဉ်မှာလဲ လူနာ၏ ကိုယ်ခံအားက ကိုဗစ်ပိုးကို တိုက်ခိုက်၍ ရရှိလာသော အကျိုးဆက်ဖြစ်ပါသည်။ ပစ္စည်းကိရိယာ အမျိုးမျိုး ဖြင့် လူနာ၏ အရေပြားအပေါ် အပူပေးခြင်းသည် အဆုတ်ထဲတွင် ဖြစ်ပွါးနေသော ဖြစ်စဉ်ကို အကူအညီ ပေးနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် hair dryer ကို အရေပြားပေါ်တွင် မှုတ်ခြင်းသည် ချွဲ မပျော် စေနိုင်ပါ။ ကြာကြာအသုံးပြုပါက အရေပြား ကို အပူလောင် စေနိုင်သည်ကို သတိပြုရပါမည်။