COVID-19 Questions and Answers
  • အသက် ၆ နှစ်အောက်ကလေးတွေကို Covid မကူးစက်နိုင်ဘူးဆိုတာ ဟုတ်ပါသလား
    ဘယ်အရွယ်ဆိုစကူးစက်နိုင်ပါသလဲ
    အိမ်မှာ ၁ နှစ်သားကလေးရှိလို့ပါ

ဖြေ – ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း ( WHO ) ၏အချက်အလက်များအရ ကိုဗစ်ဖြစ်သူများ၏ ၈.၅% သည် အသက် ၁၈နှစ်အောက် ကလေးများဖြစ်ကြသည်။ ကလေးများသည် လူကြီးများထက်
-ကူးစက်မှုနဲခြင်း
-ရောဂါပြင်းထန်မှုနဲခြင်း
-ကိုဗစ်ကြောင့်သေဆုံးမှုနဲခြင်း စသည့်အားသာချက်များရှိပါသည်။

သို့သော် ကလေးများတွင် ပြင်းထန်ရောဂါဖြစ်သည့်ဖြစ်စဉ်များလည်း အနည်းငယ်ရှိသည်။ ထို့ကြောင့် လူကြီးများ၏ကြီးကြပ်မှုဖြင့် ကလေးအား mask တပ်ပေးခြင်း ( အသက် ၆ နှစ်ကျော်မှ mask တပ်ပေးရန် WHO မှအကြံပြုထားသည် )၊ လက်မကြာခဏဆေးခြင်း၊ ၆ပေခွာနေခြင်း ၊ လူထူထပ်သောနေရာများ အလုံပိတ်အဆောက်အအုံများကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း စသည့် ကာကွယ်မှုများလုပ်ဆောင်ရန်လိုအပ်ပါသည်။

  • Positive ဖြစ်ပီး ဘယ်နှစ်ရက်နေမှပိုးက သူများကို မကူးစက်နိုင်တာလဲ ။ ပိုးစတွေ့ပီး ၃ ရက်မှာ အနံအရသာ ပြန်ရ ပါတယ် အခု၁၄ ရက်ထိ အနံအရသာပြန်ရနေပါပီ ။ Public areaကို ဘယ်နှစ်ရက်နေမှ ထွက်သင့်လဲ ။ မိမိအိမ်ထဲ မှာရော ပိုးမကူးစက်နိုင်တော့ဘူးလား။

ဖြေ – #ရောဂါလက္ခဏာရှိသူတွင် ပထမဆုံးရောဂါလက္ခဏာ စပေါ်သည့်ရက်မှစ၍ အနည်းဆုံး ၁၀ရက်အပြင်ကိုယ်ပူကျဆေးမသောက်ဘဲ ကိုယ်ပူမရှိတာ ၂၄နာရီပြည့်ပြီး အခြားရောဂါလက္ခဏာများ သက်သာလာလျှင် သီးသန့်နေထိုင်ခြင်းပြီးဆုံးနိုင်သည်။

ရောဂါလက္ခဏာမရှိသူတွင် ကိုဗစ်ဓာတ်ခွဲစစ်ဆေးမှု positive ဖြစ်လျှင် ဓာတ်ခွဲမှုအဖြေစထွက်သည့်နေ့မှ အနည်းဆုံး ၁၀ရက်ပြည့်လျှင် သီးသန့်နေထိုင်ခြင်းပြီးဆုံးနိုင်သည်။ ဆရာဝန်ညွှန်ကြားသည်မှအပ အများစုသည် ပြန်လည် ဓာတ်ခွဲစစ်ဆေးမှုပြုလုပ်ရန် မလိုအပ်ပါ။

ရောဂါလက္ခဏာမရှိသူသည် ရောဂါလက္ခဏာပေါ်လာပါက လက္ခဏာစပေါ်သည့်ရက်မှ စ၍ အပေါ်တွင်ဖော်ပြထားသည့် ရောဂါလက္ခဏာရှိသူ သီးသန့်နေထိုင်ရမည့်အချက်များအတိုင်း ပြန်လည်နေထိုင်ရန် လိုအပ်ပါသည်။

ကိုဗစ်ပြင်းထန်ရောဂါခံစားနေရသူ နှင့် ကိုယ်ခံစွမ်းအားကျရောဂါရှိသူတို့တွင် ရက်၂၀ထိ ရောဂါကူးစက်စေနိုင်သေးသည်။

မိမိအိမ်ထဲတွင်နေထိုင်သော်လည်း အပြင်မှပြန်လာသောအိမ်သားတွင် ကိုဗစ်ပိုးရှိပါက ကူးစက်နိုင်သည်။ သူစိမ်းများအိမ်လည်လာလျှင်လည်း ထိုသူတွင် ပိုးရှိပါက ကူးစက်နိုင်ပါသည်။

  • အိမ်တအိမ်ထဲမှာ ၁၀ဦးအနက် ၁ဦး positive ဖြစ်ပါတယ်။ ၁၅ ရက်ပြည့်ပြီးသက်သာသွားပါပြီ။ အကယ်၍ ထို positive ထွက်ခဲ့သူ အပြင်သွားလာပြီး ပြန်လာပါက ထိုသူသည် ပိုးသယ်ဆောင်သူဖြစ်နိုင်ပါသလား။ သူ့ထံမှ ကူးစက်မှု အခြား ကျန် ၉ဦးသို့ ရောက်ရှိနိုင်ပါသေးသလား သိပါရစေ။

ဖြေ – ကိုဗစ်ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာသူများတွင် နောက်တစ်ကြိမ်ပြန်လည်ကူးစက်မှုနည်းသော်လည်း ပြန်လည်ကူးစက်သည့်ဖြစ်စဉ်များလည်းရှိပါသည်။ ကိုဗစ်ဖြစ်ပြီးနောက် ထွက်ပေါ်လာသော ကိုယ်ခံစွမ်းအား၏ လုပ်ဆောင်နိုင်စွမ်း နှင့် မည်မျှကြာကြာရှိနိုင်မည်ကို လေ့လာနေကြဆဲဖြစ်သည်။
ထို့ကြောင့် ပြန်လည်ကောင်းမွန်လာသူများသည် နောက်တစ်ကြိမ်ပြန်လည် မကူးစက်စေရန် mask တပ်ခြင်း၊ မကြာခဏ လက်ဆေးခြင်း၊ ၆ပေခွာနေခြင်း၊ လူထူထပ်သောနေရာများကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း၊ လက်ဖြင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို မထိတွေ့ခြင်း စသည့် ကာကွယ်ခြင်းနည်းလမ်းများကို ဆက်လက်လုပ်ဆောင်ရပါမည်။

  • Covid ကူးစက်လို့ပျောက်သွားပြီး နောက်တစ်ကြိမ်ထပ်ကူးစက်ရင် ရောဂါပိုခံနိုင်ရည်ရှိလား ဒါမှမဟုတ် ပထမတစ်ကြိမ်ထက် ပိုစိုးရိမ်ရလားဗျ

ဖြေ – နောက်တစ်ကြိမ် ပြန်လည်ကူးစက်နိုင်ပါသည်။ ပိုစိုးနိုင်မှုရှိမရှိသည် ကိုယ်ခံစွမ်းအားပေါ်မူတည်ပါသည်။

  • Virus ကမျက်လုံးထဲကဝင်လား ဘယ်လိုဝင်လဲ

ဖြေ – ကိုဗစ်ရောဂါရှိသောသူ နှာစေး၊‌ ချောင်းဆိုးရာမှ ထွက်လာသော အမှုန်အမွှားများ မျက်လုံးထဲဝင်ရာမှတစ်ဆင့်သော်လည်းကောင်း၊ ကိုဗစ်ပိုးရှိသောလက်ဖြင့် မျက်စိကိုကိုင်တွယ်မိလျှင်သော်လည်းကောင်း ကိုဗစ်ကူးစက်နိုင်ပါသည်။ သို့သော် မျက်နှာအကာ face shield ကို လူထုကြား တပ်ဆင်ရန် လိုမလိုကို လေ့လာနေကြဆဲဖြစ်သည်။ လက်ဖြင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကိုတော့ မထိတွေ့ရန် အကြံပြုထာားပါသည်။