သင့်ရဲ့ညှို့ငင်စွမ်းအားကို နားလည်ဖို့ဆိုရင် ခဏလောက်ရပ်ပြီး အားလုံးဟာ စိတ်ထဲမှာပဲ အစပြုကြောင်း အရင်ဆုံးလက်ခံရမယ်။ သင့်ဘေးနားကအရာတွေကို ခဏလောက်ကြည့်လိုက်ပါ။ အဲဒီအရာတွေအားလုံးဟာ တချိန်က သင့်အတွေးထဲမှာ ရှိခဲ့တဲ့အရာတွေပါပဲ။
အဲဒီပစ္စည်းကို သင်မဝယ်ခင်ကတည်းက သင့်မှာ ‘’အဲဒီအရာကို ပိုင်ဆိုင်နေပြီ” ဆိုတဲ့အမြင်ကို အရင်ဆုံးမြင်ခဲ့လိမ့်မယ်။ အခု နောက်တဆင့် ဆက်စဉ်းစားရအောင်။ သင့်ဘေးနားကအရာတွေဟာ တချိန်က တခြားသူတစ်ယောက်ရဲ့စိတ်ကူးထဲမှာ ပုံပေါ်လာပြီး လက်တွေ့အကောင်အထည်ဖော်ခဲ့တဲ့ ပစ္စည်းတွေပါပဲ။
ကျွန်မတို့ လုပ်ကိုင်တွေ့ကြုံသမျှဟာ အတွေးလေးတစ်ခုကနေ အရင်ဆုံးအစပြုတယ်။ လက်တွေ့မဖြစ်လာခင် စိတ်ထဲမှာ အရင်ပုံပေါ်လာတာတွေပေါ့။ မမြင်ရတဲ့ စိတ်ကူးတွေကနေ လက်တွေ့ကိုင်တွယ်စမ်းသပ်လို့ရတဲ့ ပစ္စည်းတွေအထိ ရောက်လာခဲ့တာမျိုးပဲ။
အဲဒါက ကျွန်မကို ‘’အရာအားလုံးဟာ စိတ်ထဲကနေပဲ အစပြုကြောင်း” ယုံကြည်စေခဲ့တယ်။ ကိုယ့်ဘေးနားကအရာတွေဟာ တချိန်တုန်းက စိတ်ကူးတွေပဲဆိုရင် အဲဒီစိတ်စွမ်းအင်ကိုသုံးပြီး ကိုယ့်စိတ်ထဲမှာ လိုချင်တဲ့အရာကို တကယ့်လက်တွေ့ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ..? ။
သင်မကောင်းတဲ့အရာတစ်ခုခုကို တွေးမိတိုင်း
ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ .. ။
“ဒါက ငါညှို့ငင်ချင်တဲ့အရာလား…” ???
သင့်အတွေးတွေက စွမ်းအားရှိပြီး စကြဝဠာထဲအမြဲ ရောက်ရှိနေတယ်ဆိုတာကို အမြဲမှတ်ထားပါ။ အတွေးတစ်ခုကို ထပ်ခါထပ်ခါတွေးလေ အဲဒီအရာကို ညှို့ငင်နိုင်စွမ်းကြီးလာလေပါပဲ။ အဲဒီအတွေးတွေကို ခံစားချက်ပါထပ်ပေါင်းလိုက်ရင် ပိုမြန်မြန်ပဲ ညှို့ငင်နိုင်ပါတယ်။
ခံစားချက်ဆိုတာ နှလုံးသားမှာတည်ရှိတာကြောင့် သိပ်ကိုအင်အားကြီးတဲ့ စွမ်းအင်စက်ကွင်းတမျိုးပါ။ နှလုံးရဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေဟာ စိတ်လှိုင်းထက် ပို‌ကြီးကြောင်း နှလုံးသိပ္ပံဌာနရဲ့ သုတေသနက ပြပြီးပါပြီ။ သင့်စိတ်ထဲ တခုခုကိုတွေးပြီး အဲဒီအတွေးနောက်မှာ ပြင်းထန်တဲ့စိတ်ခံစားချက်ရှိနေရင် အဲဒီအတွေးက ပိုမြန်မြန်ဖြစ်လာပါတယ်။
သင့်ဘဝကို သင်ကိုယ်တိုင် ထိန်းချုပ်ဖို့အချိန်ကျပါပြီ။ သင့်ကို အာရုံလွှဲနေတဲ့အရာတွေဟာ သင့်စိတ်ကို စုစည်းပြီး သင့်အတွေးတွေကို အာရုံစိုက်လိုက်ရင် ဖြစ်လာမယ့် မှော်ဝင်ရလာဒ်တွေဆီကနေ တားဆီးနေတာပါပဲ။ ကိုယ့်စွမ်းအင်ကိုယ် ပြန်ယူပြီး အဲဒီစွမ်းအင်ကို ကိုယ်လိုချင်တဲ့ဘဝကို ဖန်တီးတဲ့နေရာမှာ အသုံးချမယ်လို့ အခုပဲ ဆုံးဖြတ်ချက်ချလိုက်ပါ။
သင့်ရဲ့အခမ်းနားဆုံးအိပ်မက်တွေကို ညှို့ငင်ချိန်တန်ပါပြီ။ သင်က စွမ်းအားကြီးပါတယ်။