ခုတလော မြင်ရတာတွေ ကြားရတာတွေက ကြေကွဲဖွယ် နာကြည်းဖွယ်ရာတွေများနေတော့ ကျွန်တော်အပါအဝင် လူအများစုရဲ့ စိတ်အခြေအနေက နောက်ကျိနေရတယ်။ ဒီထဲမှာမှ ကိုယ့်မိသားစု ဆွေမျိုးတစ်ယောက်မှာ COVID 19 စစ်လိုက်လို့ တွေ့သွားရင် ကယောက်ကယက်ပိုဖြစ်ရတယ်။ မိမိကိုယ်တိုင် Positive ဖြစ်သွားရင်ရော???
ဘယ်လောက်ပဲ တည်ငြိမ်တဲ့ လူသားဆိုစေကာမူ ဒီရောဂါဆိုးကြီးတွေ့လိုက်ရရင်တော့ တုန်လှုပ်မိမှာအမှန်ပါ။ ဒီလိုတုန်လှုပ်မှု ခြောက်ခြားမှုတွေကို ပံ့ပိုးနေတာတွေကလည်း အများကြီး မဟုတ်လား။ Social media မှာ “အဘွား၊ ဦးလေး၊ အမေ ၃ ယောက် ဆုံးသွားပါပြီ’’ “အောက်စီဂျင် အရမ်း လိုနေလို့ပါ… Edit: ဆုံးသွားပါပြီ” စသဖြင့် post တွေ ဆက်တိုက်တွေ့တဲ့ အခါ မိမိရဲ့ စိုးရိမ်မှုတွေ ကြောင့်ကြမှုတွေက ပိုမြင့်တက်လာတော့တာ။
ဒါကြောင့် ခုနောက်ပိုင်း အချင်းချင်း စိတ်ပိုင်းဆိုင်ရာ ဖေးမတဲ့ စာလေးတွေ၊ ပုံလေးတွေမျှဝေလာကြတယ်။ ရောဂါသက်သာသွားသူတွေကလည်း သူတို့ အောင်နိုင်ခဲ့တဲ့အကြောင်း အားတက်သရောပြောပြကြတယ်။ ဒါတွေဟာ သိပ်ကိုကောင်းတာပဲ။ COVID19 ဖြစ်လာခဲ့လျှင် တတ်နိုင်သမျှ စိုးရိမ်သောကကို လျှော့ချဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ စိုးရိမ်မှုတွေဟာ COVID 19 ကို ပိုဆိုးစေတဲ့ အကြောင်းအချင်းအရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်နေလို့ပါ။
အလွန်အမင်း စိုးရိမ်သောကရောက်မှုတွေဟာ
၁။ ရောဂါပိုးကိုတိုက်ထုတ်မယ့် ခုခံအားစနစ်ကို ချိနဲ့စေတယ်။
၂။ ရောင်ရမ်းမှုတွေကို အလွန်အကျွံဖြစ်စေပြီး ကိုယ်တွင်းကလီစာတွေကို ပျက်စီးစေတယ်။ ထို့ကြောင့်သေဆုံးတဲ့ အထိတောင် ဖြစ်စေပါတယ်တဲ့။ စိတ်ထောင်းလို့ ကိုယ်ကြေဆိုတဲ့ သဘောပါပဲ။ ဆေးပညာအရတော့ stress တွေက sympathetic nervous system ကို နိုးဆွလို့ Proinflammatory Stress Response ကို ဖြစ်စေတယ်လို့ ဆိုပါတယ်။
COVID 19 ရဲ့ ရောဂါဖြစ်စဉ်ကို တစ်ချက်ပြန်စဉ်းစားကြည့်ရအောင်။ COVID 19 ဖြစ်တဲ့သူ အများစုမှာ ခန္ဓာကိုယ်ခုခံအားက တွန်းလှန်ပစ်နိုင်လို့ သက်သာပျောက်ကင်းလေ့ရှိကြတယ်။ တချို့ တွေမှာ အောက်စီဂျင်တွေကျပြီး သေဆုံးကြတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ထိုသူတွေမှာ Cytokine Storm လို့ခေါ်တဲ့ ရောင်ရမ်းမှု မုန်တိုင်းကြီး ၀င်သွားလို့ပါ။ ဒါဆိုရင် ကိုယ်ကသာ တခြားသော သောကတွေနဲ့ ပူလောင်ဖိစီးနေတဲ့အခါ COVID 19 ရဲ့ ရောင်ရမ်းမှု မုန်တိုင်းကြီးလာလျှင် တစ်ပူပေါ် နှစ်ပူဆင့်၊ မီးလောင်ရာလေပင့်ဆိုသလို ခန္ဓာကိုယ်အ့ ရောင်ရမ်းမှုတွေ ဆိုးဆိုးရွားရွားဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ဝါးမျိုခံရတော့တာ။ ထိုမုန်တိုင်းကြီးကပဲ သွေးခဲမှု ဖြစ်စဉ်ကို အနှောင့်အယှက်တွေပေးတယ်။ အဆုတ်ကိုဖျက်တယ်။ နှလုံးကိုဆွတယ်။ ကျောက်ကပ်ကို အနာတရတွေပေးတယ်။ စသဖြင့် ခန္ဓာကိုယ်အနှံ့ ကို ၀င်မွှေတဲ့အခါ နောက်ဆုံး အသက်ဆုံးရှုံးရတဲ့အထိကို ဖြစ်တော့တာ။ ဒါကြောင့် COVID ဖြစ်တဲ့အခါ ရောင်ရမ်းမှု မုန်တိုင်းကြီးရဲ့ ဒဏ်ကို ့ကြံ့ခံနိုင်ဖို့ မိမိရဲ့ ကိုယ်ခန္ဓာ ခုခံအား (Physical Immunity) ကို မြင့်ဖို့လိုသလို၊ စိုးရိမ်မှု လွန်ကဲခြင်းမရှိ မယိုင်မလဲတဲ့ စိတ်ခွန်အား (Mental Immunity) ကိုလည်း မြင့်တင်ထားဖို့ လိုပါတယ်။
ကိုယ်ခံအားအတွက် အဟာရပြည့်ဝတဲ့ အစာတွေ စားရမယ်။ ရေများများသောက်ရမယ်။ အချဉ်ဓာတ်ပါသော အရည်ရွှမ်းသော အသီးအနှံများစားပေးကြရတယ်။ (တမာရွက်၊ ဂွေးတောက်ရွက်၊ ကြက်သွန် စသော အရွက်များနှင့် ကုသကြသည်ကိုတော့ ကျွန်တော်လေ့လာမိသလောက် ဆေးပညာအထောက်အထားနှင့် ရှင်းပြနိုင်သော အချက်အလက်များ မတွေ့ပါ၍ ထိုအကြောင်းများတော့ မဆွေးနွေးလိုပါ။)
စိတ်ခွန်အားအတွက်ကတော့ တတ်နိုင်သမျှ ပူပန်သောကကို လျှော့နိုင်သမျှလျှော့ရမယ်။ ကိုယ့်မှာ ပိုးတွေ့လာလျှင် အရမ်းသောကမဖြစ်ပဲ ငါ ကျော်လွှားနိုင်မှာဆိုတဲ့ စိတ်ကို အမြဲသွင်းထားဖို့လိုတယ်။ လေ့လာချက်တွေအရလည်း ပုံမှာပြထားသလို ၈၀ ရာခိုင်နှုန်းလောက်က သာမန်အဆင့်နဲ့ပဲ ပြီးသွားကြမှာ။ ဒီ ၈၀ ရာနှုန်းမှာ ကိုယ်ပါနေတယ်။ ငါ ဒီရောဂါကို တောင့်ခံနိုင်တယ်။ တိုက်နိုင်တယ်ဆိုတဲ့ စိတ်ကို အပြည့်အ၀ သွင်းဖို့ အထူးလိုအပ်ပါတယ်။
(အနောက်နိုင်ငံတွေမှာတော့ COVID 19 ဖြစ်တဲ့လူမှာ သောကတွေ အလွန်အကျွံဖြစ်နေတဲ့အခါ အထက်က နေထိုင်နည်းတွေ အပြင် လိုအပ်ရင် ဆေးဝါးတွေပါ ပေးတဲ့အထိ ကုသကြပါတယ်။ ဒီဆေးတွေကိုတော့ လိုအပ်ခဲ့လျှင် သက်ဆိုင်ရာ ဆရာဝန်တွေနှင့် တိုင်ပင်ပြီးမှသာသောက်သင့်ပါတယ်ခင်ဗျာ။ )
ရေးသားသူ Dr. ဖြိုးဇော်အောင်




