ခေါင်းကိုက်ပြီဆို ဘာကြောင့်၊ဘလိုကြောင့် ကိုက်ကိုက်ခံရခက်တယ်။
ဒီတော့အဖြစ်များလေ့ရှိတဲ့ ခေါင်းကိုက်ခြင်း(၄)မျိုးအကြောင်းနှင့် ဆောင်ရန်ရှောင်ရန်အချက်များကိုဝေမျှပါရစေ
“ခေါင်းတစ်ခြမ်းကိုက်ခြင်း”
– အတော်များများ မကြာခဏဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်းပါ။ ခေါင်းတစ်ခြမ်းတည်းကပဲ ထိုးထိုးကိုက်တတ်ပါတယ်။
– တစ်လတည်းမှာ (၁၀)ကြိမ်မှ (၁၅)ကြိမ်ထိ၊ တစ်ခါကိုက်ရင် (၄)နာရီမှ (၇၂)နာရီထိ ကြာတတ်ပါတယ်။
– ဖြစ်ပြီဆို အလင်းရောင်၊ အနံ့စူစူး၊ အသံကျယ်ကျယ်တွေမခံနိုင်လို့ ရှောင်ပေးပါ။ တခါတလေ အော့အန်တတ်ပါတယ်။
– ဘာကြောင့် ခေါင်းတခြမ်းကိုက်လဲ တိကျတဲ့အကြောင်းရင်း မတွေ့သေးပေမယ့် မျိုးရိုးကြောင့်လို့လည်း ယူဆနိုင်ပါတယ်။
– အရက်၊ ကဖင်း၊ ရာသီအကူးအပြောင်း၊ အိပ်ချိန် စားချိန်မမှန်၊ သန္ဓေတားဆေး၊ ဟော်မုန်းအပြောင်းအလဲ စတာတွေကြောင့်လည်းဖြစ်တတ်လို့ နေထိုင်စားသောက်မှုပုံစံပါ ဂရုစိုက်သင့်ပါတယ်ရှင်။
“စိတ်ဖိစီးမှုကြောင့်ကိုက်ခြင်း”
– လူတိုင်းနီးပါး ဖြစ်ဖူးကြမှာပါ။ ခေါင်းတစ်ခုလုံး အုံခဲ၊ ကြိုးနဲ့စည်းထားသလိုတင်းပြီး ကိုက်တာမျိုးပါ။ ဇက်ကြောလည်း တက်ပါတယ်။
– အဓိကဖြစ်ရတာ “စိတ်”ကြောင့်ပါ။ အာရုံများ၊ အလုပ်ပိ၊ စိတ်ဖိစီး၊ စိတ်ဓာတ်ကျ စတာတွေပါ။
– အဆာလွန်ခြင်း၊ အရက်၊ ကဖင်းအလွန်အကျွံသောက်ခြင်း၊ သွားရောဂါတွေကြောင့်လည်း တခါတလေဖြစ်တတ်ပါတယ်။
– အချိန်ကြာကြာ မဖြစ်တတ်လို့ စိတ်အာရုံ ခဏအနားပေး၊ မျက်လုံးလေးမှိတ်လို့ သက်တောင့်သက်သာနားလိုက်ရင် အဆင်ပြေနိုင်ပါတယ်။
“ဖျားနာတုပ်ကွေးကြောင့်ကိုက်ခြင်း”
– ခေါင်းစဉ်လိုပါပဲ။ ဖျားနာရင်ကိုက်မယ်၊ ဓာတ်မတည့်တာ ထိတွေ့မိရင်ကိုက်မယ်။
– နဖူးပြင်၊ နှာရိုး၊ မေးရိုး၊ မျက်လုံးနဲ့ ဦးခေါင်းထိပ်တွေမှာ ဆစ်ခနဲ ကိုက်နေတာမျိုးပါ။ တခါတလေ သွေးခုန်သလို တဒုတ်ဒုတ်နဲ့ပေါက်ထွက်လု ခံစားတတ်ရပါတယ်။
– ရှောင်ရမှာက လှဲနေ၊ အိပ်နေတာ မလုပ်ပါနဲ့။ စိုစွတ်အေးမြတဲ့နေရာမှာ မနေပါနဲ့။ ဖုန်း၊ တီဗွီစခရင် အကြာကြီးကြည့်မနေပါနဲ့။
– အဖျားကျရင် အတူပါသွားတာမို့ စိုးရိမ်စရာသိပ်မရှိပါဘူးရှင်။
“မျက်လုံးတစ်ဝိုက်ကိုက်ခြင်း”
– ဒီအမျိုးအစားက လူနည်းစုဖြစ်တတ်ပါတယ်။ မျက်လုံးတစ်ဖက်/ နှစ်ဖက်လုံးတဝိုက်မှာ မီးစာနဲ့ထိုးသလို ဆူးပြီးကိုက်နေတာမျိုးပါ။ (၁)နာရီမှ (၃)နာရီလောက်ထိ ကြာတတ်ပါတယ်။
– မျက်ခွံလေး၊ မျက်ရည်ပူကျ၊ မျက်လုံးနီမြန်းပြီးမို့တာတွေ ဖြစ်နိုင်ပါတယ်။ အသားအရည်နီမြန်းပူခြစ်၊ ချွေးထွက်လွန်၊ နှာရည်ယိုတဲ့ လက္ခဏာတွေ ပြလေ့ရှိတယ်ရှင့်။
– ဘာ့ကြောင့်ဖြစ်လဲ အတိအကျမရှိပေမယ့် ကိုယ်တွင်းဇီဝကာမ မူမမှန်ခြင်းအပြင် အစားအသောက်၊ ပတ်ဝန်းကျင်၊ ရာသီဥတုစတဲ့ ပြင်ပလှုံ့ဆော်မှုကြောင့်လည်း အဖြစ်များပါတယ်။
– အရက်၊ စီးကရက်၊ ညဉ့်နက်မှအိပ်ခြင်း၊ အိမ်ရေးမဝခြင်းစတာတွေရှောင်ပါ။
– လေဝင်လေထွက်ကောင်းတဲ့ နေရာမှာနားနေပါ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။ အခြေအနေဆိုးရင် ဆရာဝန်နဲ့ပြသကြည့်ဖို့ပါ အကြံပေးလိုပါတယ်။
