Family-Caregiver

မိမိရဲ့ မိသားစုဝင် ကိုဗစ်ကြောင့် နေမကောင်း ဖျားနာ တဲ့ အခါ ပြုစုရမယ့် တာဝန် ယူထားသူ အဖို့ အောက်ပါ အချက်များကို ထည့်သွင်းစဉ်းစား လိုက်နာဖို့ လိုပါတယ်။

◽လူနာကို ခွဲ သုံးခွဲ ခွဲဖို့ ပြင်ဆင် ရပါမယ်။

  • လေကောင်းလေသန့်ရသော အခန်း (သို့)နေရာ သီးသန့်ခွဲ၍ ထားခြင်း
  • အင်္ကျီ၊ ဘောင်းဘီ၊ တကိုယ်ရည်တကာယ အသုံးအဆောင် ပစ္စည်းများကို အခြားအိမ်သားများနှင့် မထိတွေ့စေရပဲ သပ်သပ်ခွဲထားခြင်း၊ လျှော်ဖွပ်ပေးခြင်း
  • စားသောက်စရာ ပန်းကန် နှင့် ခွက်များကို သပ်သပ်စီ ခွဲထားပြီး စားသောက်စေခြင်း

◽လူနာ၏ ကျန်းမာရေး ကို စောင့်ကြည့် မှတ်သားပါ။
လူနာ၏ ရောဂါအခြေအနေ တိုးတက်မှု၊ ယို့ယွင်း လာမှု ကို သတိရှိပါ။ သွေးတွင်းအောက်ဆီဂျင်၊ ကိုယ်အပူချိန် အစရှိသော ကိုဗစ်ရောဂါလက္ခဏာများ သာမကပဲ အခြားရောဂါအခံ ရှိပါက ထို ရောဂါများ၏ အခြေအနေကိုပါ စောင့်ကြည့်ရမည်။ လူနာ၏ စိတ်သောက နှင့် စိတ်ကျန်းမာရေး အခြေအနေကိုပါ သတိပြုမိရမည်။

◽အိမ်မှာ လူနာအတွက် အခြေခံ လိုအပ်တဲ့ ပစ္စည်းတွေ ရှိထားပြီလား စဉ်းစားပါ။
စားသောက်စရာ များ အသင့်အတင့်ရှိပါစေ။ ထို့နောက် အရေးအကြီးဆုံးမှာ တယ်လီဖုန်းဖြင့် ဆက်သွယ်တိုင်ပင်နိုင်သော ဆရာဝန်၏ ဖုန်းနံပါတ် ဖြစ်ပါသည်။ လူနာ သည် ဆေးတစ်ခုခု စွဲသောက်နေရသူ ဖြစ်ပါက သူ သောက်နေကြဆေးများ အလုံအလောက် ရှိရမည်။ ထို့အပြင် ကိုဗစ်ရောဂါ အတွက် ဆရာဝန် ညွှန်ကြားထားသော ဆေး များ ရရှိထားရမည်။ ရောဂါအခြေအနေအရ ဆောင်ထားသင့်သော ပစ္စည်းကိရိယာများကို ဆရာဝန် သို့ ကျန်းမာရေးဝန်ထမ်း၊ လူမှုကူညီရေးအသင်းများ နှင့် တိုင်ပင်ပြီး ရရှိထားရန် ကြိုးပမ်းရမည်။

◽မိမိကိုယ်မိမိ (နှင့် အိမ်သားများကို) ကာကွယ်ပါ။
ပြုစုသူသည် မိမိကိုယ်မိမိ ကိုဗစ်ပိုးရှိနေသူ ဟု သဘောထားကာ ကိုဗစ်ရောဂါမပြန့်နှံ့စေရန် ထိန်းချုပ်သည့် စည်းကမ်းများကို လိုက်နာရမည်။ အိမ်သားများနှင့် တကွ ပတ်ဝန်းကျင်နှင့် ထိတွေ့မှု နည်း နိုင်သမျှ နည်း အောင် နေထိုင်ရမည်။ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ၊ နာတာရှည် ရောဂါဝေဒနာ သည်များ အိမ်တွင် ရှိပါက အထူးသတိထားပြီး ခပ်ခွါခွါနေရမည်။ သတင်းမေး နှင့် ညအိပ်ညနေ ဧည့်သည် လက်ခံခြင်းကို ရှောင်ကြဉ်ရမည်။

◽အိမ်ကို သန့်ရှင်းပါ။
အထိအတွေ့များသော နေရာများ၊ ပစ္စည်းများ၊ အသုံးအဆောင်များကို ကိုဗစ်ပိုး မကပ်တွယ်နိုင်အောင် သန့်ရှင်းရေး မှန်မှန် လုပ်ရပါမည်။ မှန်ကန်သော နည်းလမ်းများဖြင့် ပိုးသတ်ရပါမည်။

◽ပြုစုသူအနေဖြင့် မိမိကျန်းမာရေးကို ဂရုစိုက်ဖို့ မမေ့ပါနှင့်။
ကိုဗစ်ရောဂါ၏ လက္ခဏာများ မိမိတွင် ရှိ၊ မရှိ စောင့်ကြည့်ရမည် ဖြစ်သလို မိမိ၏ စိတ်ကျန်းမာရေးကိုလဲ ဂရုပြုရပါမည်။