WaSanpyoke

“ဝ”ရိုးရာဆန်ပြုတ်ဆိုရင် နားထဲမှာ နည်းနည်းစိမ်းနေကြမယ်လို့ ထင်ပါ တယ်။ “ဝ”လူမျိုးတွေနဲ့ အနေနီးစပ်တဲ့ဒေသများမှာ နေထိုင်သူများကတော့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒီဆန်ပြုတ်ချက်နည်းလေးကို မျှဝေပေးလာသူကတော့ ]ဝ}လူမျိုးစု အများအပြားနေထိုင်တဲ့ ပန်စမ်းမှ ဆိုဖီယာရဲ့ ညီမလေးဖြစ်ပါတယ်။ ထူးခြားတဲ့ပါဝင်ပစ္စည်းများနဲ့ အရသာ ပူစပ်စပ်ရှိတဲ့ ဝဆန်ပြုတ်လုပ်နည်းလေး ပြန်လည် မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
—————
– ကြက်သား – တစ်စိတ်
– ဆန် – ပေါင်းအိုးဆန်ချိန်ခွက် တစ်ခွက်
– ချင်း – လက်တစ်ဆစ်
– ကြက်သွန်ဖြူ – ၅ မြွှာ
– ရေ – ၂ လီတာခန့်
– ဆား – ၁ ဇွန်း
– ဟင်းခတ်မှုန့် – အနည်းငယ်
– ဘိန်းစေ့ – လက်နှစ်ဆုပ်
– ဟွားကျောက်မှုန့် – ၁ ဇွန်း
– ဂေါ်ရခါးညွန့် – ၁ စည်း
– စမုန်စပါးရွက် – ၁ စည်း
– တွဲဖက်စားရန် ငရုတ်သီးထောင်း

ပြင်ဆင်ပြုလုပ်ပုံ
—————
၁။ ဦးစွာ ကြက်သားကို ရေဆေးသန့်စင်ပြီး ချင်းနှင့်ကြက်သွန်ဖြူ ထုပြားထည့်ကာ ရေထည့်ပြီး တည်ထားပါ။
၂။ ဆားနှင့် ဟင်းခတ်မှုန့်ထည့်ပါ။ အပေါ်တက်လာသော အမြှုပ်များ ခပ်ထုတ် ပေးပြီး ကြက်သားနူးပါက ဆယ်ယူထားပါ။
၃။ ကျန်ကြက်သားပြုတ်ရည်ထဲ ဆန်ကို ရေဆေးပြီးထည့်ကာ နူးအိသည်အထိ တည်ပေးပါ။ လိုအပ်ပါက ရေကို အနည်းငယ်စီ ထပ်ထည့်ပေးပါ။
၄။ ဆန်ပြုတ်ပြုတ်ထားစဉ် ဘိန်းစေ့ကို ရေဆေးသန့်စင်ပြီး (ခဲမပါအောင် ကျင်ပေးပါ) ရေစစ်ကာ အနည်းငယ်ညက်ရုံ ထောင်းထားပါ။
၅။ အအေးခံထားသော ကြက်သားကို အသားမျှင်ထားပါ။
၆။ ဆန်ပြုတ်ကြေညက်ပြီး နူးအိပါက အသားမျှင်ထားသည်ကို ထည့်ပါ။ ထောင်းထားသောဘိန်းစေ့နှင့် ဟွားကျောက်မှုန့်ထည့်ပြီး သမအောင်မွှေ ပေးပါ။
၇။ ဆူပွက်ပါက အပျစ်အကျဲနှင့် အရသာကို လိုသလိုပြုပြင်ကာ ဂေါ်ရခါးညွန့် နှင့် စမုန်စပါးရွက်ထည့်ပြီး သမအောင်မွှေပေးပါ။ အရွက်ကျက်ပါက ပန်းကန်ထဲထည့်ပြီး ငရုတ်သီးထောင်းဖြင့် တွဲဖက်ကာ ပူပူစပ်စပ်အရသာ ရှိတဲ့ “ဝ” ရိုးရာဆန်ပြုတ်ကို တည်ခင်းသုံးဆောင်နိုင်ပါပြီ။