feelcovidcure

(အနံ့ပျောက်ရင် ဘာလုပ်မယ်။)

ဘယ်လိုအနေအထားတွေမှာလုပ်ရမလဲ ….

အနံ့ပျောက်မယ် ဖျားမယ် Positive သမားနဲ့
Contact နီးနီးစပ်စပ်ရှိခဲ့မယ်၊ ၅ မိနစ်အထက်ရှိခဲ့မယ် ဒီလိုအနေအထား တစ်ခုရှိရင်
ဘာပဲဖြစ်ဖြစ် ကိုယ်ဟာကိုယ် ၁၄ ရက် Q ပါ။

ဘယ်လို Q မလဲ ….

  • အိမ်မှာ အခန်းသတ်သတ်ရှိရင် ခွဲနေပါ၊ တခြားဘယ်သူမှ အခန်းထဲမဝင်ပါစေနဲ့။
  • အခန်းသတ်သတ်မရှိရင် လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ကန့်ပြီးနေပါ။ ပြတင်းပေါက်အမြဲဖွင့်ထားပါ။ အနီးကို ဘယ်သူမှ မလာပါစေနဲ့။
  • ကိုယ်တိုင် Mask ကိုဖြစ်နိုင်ရင် အမြဲတပ်ထားပါ။ အနားကို ဘယ်သူမှ မလာရင်၊ အလုံပိတ်အခန်းဆိုရင် မတပ်လို့ ရပါတယ်။
  • နေ့စဉ်စားသောက်စရာကို အခန်းဝ ချထားခိုင်းပြီး လူကိုပြန်သွားခိုင်းပါ။ လူမရှိမှ ထွက်ယူပါ။
    အခြားပစ္စည်းများယူလျှင်လဲ တူတူပါပဲ
  • စားပြီးပန်းကန်ထည့်ရန် အခန်းဝတွင် ဆပ်ပြာရည်ထည့်ကာ အမြုပ်ထအောင်လုပ်ထားသော ဇလုံတစ်ခုထားပေးပါ။ ဇလုံထဲသို့ စားပြီး ပန်းကန်ခွက်ယောက်များကို တန်းထည့်ပါ။ နာရီဝက်ကျော်မှာ အိမ်မှသူများ လာယူပါစေ
  • ဝတ်ထားသောအဝတ်များကိုထည့်ရန် နှစ်ရက်တစ်ခါခန့် အခန်းဝတွင် ဆပ်ပြာရည်ထည့်ကာ အမြုပ်ထအောင်လုပ်ထားသော ပုံးတစ်ခုထားပေးပြီး အဆိုပါပုံးအတွင်းသို့ အဝတ်များ တန်းထည့်ပါ။ နာရီဝက်ကျော်မှ အိမ်မှသူများ လာယူပါစေ
  • အိမ်သာ ရေချိုးခန်းသွားမယ်ဆို အိမ်သားတွေကို အကုန်ရှောင်နေခိုင်းပါ။ ကိုယ်ဖြတ်သွားချိန် ဘယ်သူမှ အနားမလာပါစေနဲ့။ Mask တပ်သွားပါ။ လမ်းတွင် ဟိုကိုင်ဒီကိုင်မလုပ်ပါနှင့်
  • နေ့စဉ် စီဗစ် 500mg (MPF BPI ဆိုလျှင် ၅ လုံး) အထိ သောက်နိုင်ပါသည်။
  • အားဆေးများအား ကြောက်လန့်တကြား အလွန်အကျွံမသောက်ပါနှင့်။ အရမ်းသောက်ချင်လျှင် ကြိုက်ရာတစ်မျိုးကိုသာ တစ်နေ့တစ်လုံးသာ သောက်ပါ။ အမျိုးစုံ ၄-၅မျိုးကို တစ်လုံးစီမသောက်ပါနဲ့၊ တစ်မျိုးတည်းကိုလဲ တစ်နေ့ ၂လုံး ၃ လုံးမသောက်ပါနဲ့။ အားဆေးသောက်ခြင်းကို အားမပေးပါ။
  • ပါရာစီတမော ဖြစ်နိုင်လျှင် မသောက်ဖို့ တိုက်တွန်းပါသည်။
    အဖျားရှိလျှင်တောင် အဖျားမကြီးလျှင်မသောက်ပါနှင့်။ ပါရာစီတမောဝင်လျှင် အသည်းက ပိုအလုပ်လုပ်ရပါသည်၊ အစာအိမ်ထိပါသည်။ ကိုဗစ်ကြောင့် ခန္ဓာကိုယ် ဗျာများနေချိန်တွင် အခြားအလုပ်များ ဖြစ်နိုင်သလောက်မပေးပါနှင့်။ ပါရာစီတမောသည် ကိုယ်ပူ ခေတ္တကျစေတာဖြစ်ပြီး ကိုဗစ်ကိုမပျောက်စေ မသက်သာစေနိုင်ပါ။
  • အခြားဘာဆေးလိုလဲဆို ဘာဆေးမှ မလိုပါ။ ရ၀ ရာခိုင်နှုန်းကျော်မှာ လုံးဝမဖျားဘဲ လူကောင်းအတိုင်းသာ ကိုဗစ်ပျောက်သွားသောကြောင့်ဖြစ်သည်။
  • အားရှိစေရန်အတွက် ကြက်ဥ၊ အသားငါး၊ ဟင်းသီးဟင်းရွက် မျှတစွာစားသုံးပါ။ ကိုယ်အလေးချိန်တက်လောက်အောင် မစားပါနှင့်။ အသီးအရွက်များများစားပါ၊ ကိုယ်ခံအားတက်စေမည့် ဗီတာမင်နှင့် အခြားဓါတ်များသည် အသီးအရွက်များတွင်အဓိကပါသည် အားဆေးမလိုပါ။
    ရေများများသောက်ပါ
  • နေ့စဉ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။ ၂နာရီခန့်ကြာအောင် နားလိုက် လုပ်လိုက်ဖြင့် ချွေးပြိုက်ပြိုက်ထွက်သည်အထိလုပ်ပါ။ လေ့ကျင့်ခန်းသည် ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်သော ကိုယ်ခံအားပိုကောင်းလာစေသည်။
  • အသက်ရှူလေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ အဆုံးအထိ ရှူသွင်းပြီး ဖြေးညှင်းစွာ ရှူထုတ်သည်ကို ၁၅ မိနစ် နာရီဝက်ခန့် နေ့စဉ်လုပ်ပေးပါ။
  • ဆေးလိပ်အရက်သောက်သူများ ဖြတ်ထားပါ။
  • နွေးနွေးထွေးထွေးနေပါ။ အအေးမခံပါနှင့်၊ အဲကွန်းရှေ့ ပန်ကာရှေ့ တိုက်ရိုက်လေထိသည့်နေရာ မနေပါနှင့်၊ မအိပ်ပါနှင့်။ အေးစက်ခြင်းသည် ကိုယ်ခံအားကိုကျစေသည်။ ရေချိုးလျှင် ရေနွေးဖြင့်ချိုးလျှင်ပိုကောင်းသည်။ ညအိပ်လျှင် ရင်ဘတ်ကို စောင်တင်ပြီးအိပ်လျှင် နွေးနွေးထွေးထွေးထားလျှင်ပိုကောင်းသည်။
  • ဖျားလျှင် တန်းပြီး ဆေးရုံသွားရမလားဆို မလိုပါဘူးခင်ဗျာ။
  • ဘယ်အချိန် ဆေးရုံသွားရမလဲဆို ကိုယ်ပူချိန် အရမ်းတက်သွားလျှင်၊ အသက်ရှူကြပ်လာရင်ဆေးရုံကို ဖုန်းဆက်ခေါ်ပါ။ အနံ့ပျောက်သည် ဘာညာဆိုလျှင် ဝတ်ဖြူစင်ကြယ်များရောက်လာပါလိမ့်မည်။
    (ကိုယ်ပူချိန်အရမ်းတက်သည်ကို ဘယ်လိုသိမလဲဆိုလျှင် အိပ်လျှင် ညဉ်းပါသည်၊ ကယောင်ကတမ်းတွေပြောပါသည်)
  • အသက်ရှူကြပ်လျှင် ဆေးရုံကားမလာခင် ဘာမှ လျှောက်မလုပ်ပါနှင့် မှောက်ရက် နေပါ။ မှောက်နေလျှင် သက်သာပါသည် တကမ္ဘာလုံး ထိုနည်းသာသုံးပါသည်။
  • မိမိမှာ ဆီးချို သွေးတိုး နှလုံး အသည်း ကင်ဆာ စသည့်ရောဂါကြီးများ အခံရှိလျှင်၊ ဆေးလိပ်အလွန်အကျွန်သောက်သူဖြစ်လျှင်၊ အသက် ရ၀ အထက်ဖြစ်လျှင် အိမ်မှာ မနေသင့်ပါ၊ အနံ့ပျောက်သည်နှင့် ဆေးရုံသို့ တန်းသွားပါ။
  • အိမ်မှာ အသက်ရ၀ အထက် လူကြီး၊ ရောဂါအခံရှိသည့်လူကြီးရှိလျှင် မကူးစေရန် ပိုပြီးသတိထားပါ
  • အနံ့ပျောက်ပြီး ၁၄ ရက်ပြည့်လို့ အိမ်မှာ Q နေစဉ် ဘာမှမဖြစ်ဘူးဆိုလျှင် ထွက်လို့ရပါပြီ။ မိမိအခန်းကို နေရောင်ပြပါ။ လေဝင်လေထွက်ကောင်းအောင် ၁ ရက်ထားပါ (အေးသောဒေသဆိုလျှင် ၃ ရက်ထားပါ)။ သိပ်လုပ်ချင်ရင် အိပ်ယာခင်း ခေါင်းအုံးစသည်ကို လျှော်ပြီး အခန်းကို Dettol စသည့် ဆပ်ပြာဖြင့် သန့်ရှင်းရေးလုပ်ပါ။ ကိုယ်တိုင်လုပ်ပါ။ အခြားသူကို မခိုင်းပါနှင့်။
    အဲကွန်းရှိလျှင် အဲကွန်း လေစစ်ဇကာကို သေချာဆေးရန် အရေးကြီးသည်။

လူတိုင်း ကိုယ့်အသိစိတ်နဲ့ကိုယ် ထိန်းသိမ်းနိုင်ပါစေ။ ကိုယ့်ကြောင့် ရောဂါမပြန့်ပါစေနှင့်။

မူရင်းရေးသားသူ: ဒေါက်တာကျော်ကျော်စိုင်း (M.B.,B.S. IM1)