ကိုဗစ် တတိယလှိုင်းရဲ့ အကြီးမားဆုံး အန္တရာယ်ကတော့ အောက်စီဂျင် ရုတ်တရက်ကျလာပြီး အသက်ဆုံးရှုံးရခြင်းဖြစ်ပါတယ်။
အကယ်၍ ကိုဗစ်လူနာတစ်ယောက်ဟာ Oxygen Level 94 အောက်ရောက်ပြီဆိုရင် အောက်ဆီဂျင်ကျတယ်လို့ သတ်မှတ်လို့ရပါတယ်။ ဒီအချိန်မှာ အောက်စီဂျင်အမြန်ဆုံး ပြန်တက်လာစေဖို့ ဖော်ပြပါ ပုံစံ (၃) မျိုးအတိုင်းနေထိုင်ပေးရမှာ ဖြစ်ပါတယ်။
🎯 ပုံစံအတိုင်း နေထိုင်ရာမှာ ဖြစ်တတ်တဲ့အမှားလေးတွေကို သတိချပ်စေဖို့ ပူးတွဲ တင်ပြပေးလိုက်ပါတယ်။
✅ ပုံစံ (၁) – မိနစ် (၃၀)
ပုံပါအတိုင်း လည်ပင်းရိုးအောက်မှာ ခေါင်းအုံး တစ်လုံး၊ ချက်အောက်(ဆီးခုံ) နေရာမှာ ခေါင်းအုံးတစ်လုံး၊ ခြေကျင်းဝတ်အောက်မှာ ခေါင်းအုံးတစ်လုံး ထားပေးရမှာပါ။ ဦးခေါင်းဟာ ခန္ဓာကိုယ်ထက် နိမ့်တဲ့အနေအထား ဖြစ်ဖို့ လိုပါတယ်။
ချက်အောက်က ခေါင်းအုံးကလည်း ဝမ်းဗိုက်အောက် ရောက်နေလို့ မရပါဘူး။ Internal Organs တွေကို ဖိထားသလို ဖြစ်ရင် အသက်ရှုရ ပိုပြီး ခက်ခဲစေတာကြောင့်ပါ။ ဝမ်းဗိုက်အောက်ကနေ လက်တစ်ချောင်းထိုးလို့ရအောင် လွတ်နေဖို့ နေရာချန်ပေးရပါမယ်။
✅ ပုံစံ (၂) – မိနစ် (၃၀)
ညာဘက်ကိုစောင်းပြီး ဦးခေါင်း၊ ခါးချိုင့်နဲ့ ခြေနှစ်ချောင်းကြားမှာ ခေါင်းအုံးတစ်လုံးစီ ထားပေးရမှာပါ။ ခါးချိုင့်နေရာခေါင်းအုံးဟာ ချိုင်းအောက်ရောက်မနေဖို့ သတိပြုသင့်ပါတယ်။
နှလုံးကို ဖိအား ညှစ်အား ပေးမိတဲ့ အနေအထား မဖြစ်အောင် ရှောင်ပါ။ ခေါင်းအုံးဟာ မထူလွန်း မပါးလွန်းတဲ့ ခပ်ပျော့ပျော့ ခေါင်းအုံးမျိုး ဖြစ်ဖို့ လိုပါတယ်။
✅ ပုံစံ (၃) – မိနစ် (၃၀)
ခန္ဓာကိုယ်ကို ၄၅ ဒီဂရီ မတ်ပြီး အလိုက်သင့် ထိုင်နေတဲ့ ပုံစံမျိုး နေပေးရမှာ ဖြစ်ပါတယ်။ ဦးခေါင်းထောင်နိုင်တဲ့ အနေအထားအထိ ကျောနောက်က ခေါင်းအုံးကို မြင့်ပေးရပါမယ်။
မျက်နှာမူထားတဲ့ လားရာဘက်ကနေ လေဝင်လမ်းကြောင်းဖွင့်ထားပေးပါ။ အောက်စီဂျင်ကျချိန်မှာ လူနာကို လေဝင်လေထွက်ကောင်းသော အခန်းနေရာမျိုးမှာ ထားရှိဖို့ အထူးအရေးကြီးလှပါတယ်။
👉 ဒီလို ပုံစံ (၃) မျိုးကို မိနစ် (၃၀) စီ နေထိုင်ပေးခြင်းဖြင့် Oxygen Level ပြန်တက်လာကြောင်း ကျန်းမာရေးဆေးသုတေသန အထောက်အထားများ ရရှိထားပြီး ဖြစ်ပါတယ်။

