ဒါလေးကတော့ ရေလုံးဝ မရောဘဲ နွားနို့တွေနဲ့ချည်း ဆန်ကို အိလာအောင် သေချာချက်ထားတဲ့ နို့ဆန်ပြုတ် လေးဖြစ်ပါတယ်။ သီဟိုဠ်စေ့ နဲ့ စပျစ်သီးခြောက်လေးတွေပါ နောက်ဆုံးမှာ ထည့်ချက်ထားတော့ စားနေရင်း အအီလည်း ပြေစေလို့ ကလေး၊ လူကြီး မရွေးကြိုက်နှစ်သက်မှာ သေချာပါတယ်ရှင်။ ကဲ..သူ့ကို လုပ်ဖို့ ဘာပစ္စည်းတွေ လိုအပ်သလဲ နဲ့ လုပ်နည်းလေးကို နောက်မှာ ဆက်ကြည့်လိုက်ကြရအောင်။
ပါဝင်ပစ္စည်းတွေကတော့
—————
– ဆန်
– နွားနို့
– သာကူစေ့
– သီဟိုဠ်စေ့
– စပျစ်သီးခြောက်
– သကြား နဲ့
– ဆား တို့ပဲ ဖြစ်ပါတယ်။
အာဟာရပြည့်ဝတဲ့ နို့ဆန်ပြုတ် တစ်ပွဲကို အလွယ်တကူ ဖန်တီးနိုင်ကြမှာ ဖြစ်ပါတယ်နော်
ဒီ နို့ဆန်ပြုတ်လေး လုပ်ရာမှာ စားနေကျ သိင်္ဂီ ရွှေဘိုပေါ်ဆန်းမွှေးကို မသုံးတော့ဘဲ သိင်္ဂီအားဖြည့်ဆန်လေးကို သုံးပြီး ချက်ထားပါတယ်။
အိုကေ..အရင်ဦးဆုံး ဆန်ချိန်ပါမယ်။ ဆန်ကတော့ ကိုယ်လိုသလောက် ချက်လို့ရပါတယ်နော်။ ချက်တဲ့အခါ ရိုးရိုး ထမင်းပေါင်းအိုးနဲ့ ချက်လို့ရသလို ရိုးရိုးအိုးနဲ့လည်း ချက်လို့ရပါတယ်။ ဒါပေမဲ့ နွားနို့နဲ့ ကျိုမှာ ဖြစ်လို့ အိုးအောက်က မကပ်အောင် Non-Stick Rice Cooker မျိုးနဲ့ ချက်ရင် ပိုအဆင်ပြေပါတယ်။ အဲ့လို Rice Cooker မရှိလည်း ရှိတဲ့ အိုးမှာပဲ မကပ်အောင် သတိလေးထားမွှေချက်ပေးရင် အဆင်ပြေပါလိမ့်မယ်နော်။
ပေါင်းအိုးဆန်ချိန်ခွက် နဲ့ ဆန် ၃ ခွက်စာ ထည့်ချက်ပါမယ်။ ဆန်ကို ရေတစ်ထပ်ပဲ ဆေးလိုက်ပါတယ်။ သုံးတဲ့ သိင်္ဂီအားဖြည့်ဆန်ကတော့ အမှိုက်သရိုက်ပါတာမျိုး မရှိတဲ့အတွက် တစ်ရေ ခပ်ဖွဖွဆေးလိုက်ရုံနဲ့တင်အဆင်ပြေပါတယ်ရှင်။
အကယ်၍ ကိုယ်သုံးတဲ့ ဆန်အနေအထားကို သိပ်အားမရဘူးဆိုရင်တော့ နှစ်ရေ လောက် ဆေးပေးနိုင်ပါတယ်။ အဲ့ထက်ပိုပြီးတော့တော့ မဆေးပါနဲ့။ နို့ဆန်ပြုတ်လုပ်မှာဆိုတော့ ဆန်က ကစီဓာတ်တွေ ရေဆေးတဲ့ထဲ အများ
ကြီးပါသွားရင် မကောင်းတော့လို့ပါ ![]()
ပြီးရင် ဆန်ဆေးရည်တွေကို သေချာသွန်ပြီး နွားနို့ထည့်ပေးပါမယ်။ ခုက ဆန်ပြုတ်သဘောမျိုးလုပ်မှာ ဖြစ်လို့ အချိုးအစားအနေနဲ့ ပြောရရင် ရိုးရိုးထမင်းချက်တဲ့ ရေချိန်ထက် ၃ ဆပိုပြီး နွားနို့ကို ထည့်ပေးရပါမယ်။ ခု ပေါင်းအိုးဆန်ချိန်ခွက် နဲ့ ဆန် ၃ ခွက်စာကို နွားနို့ ၃ လီတာ အသုံးပြုသွားပါမယ်။ ဒါမဲ့ အခုက နွားနို့ အကုန်လုံးကို စစချင်းတည်းက ထည့်မတည်လိုက်ပါဘူး။ ထည့်ရမှာက နွားနို့ ၃ လီတာဆို ၂ လီတာလောက်ကိုဘဲ အရင်ထည့်ပြီး ဆန်ကို ကျက်အောင် ချက်ပါမယ်။ နောက်ကျန်တဲ့ ၁ လီတာကိုက ဆန်ကျက်မှ ဆန်ပြုတ်အနေအထား ရောက်လာသည်အထိ ချေရင်း မွှေရင်းနည်း ဖြည်းဖြည်းချင်း ထည့်သွားမှာ ဖြစ်လို့ပါ။
Non – Stick အိုးမရှိတဲ့သူဆို ရေ တစ်ဆလောက်ကို ဆန်မြုပ်ရုံ အရင် ထည့်ပြီး ဆန်လုံးလေးတွေ ပွလာတဲ့အထိ အရင်ပြုတ်ပေးပါ။ ပြီးမှ ကျန်တဲ့ နွားနို့ ၂ ဆကို ထည့်ပြုတ်ပါနော်။
အိုကေ…ဒါဆို နွားနို့ ထည့်ပြီးရင် ဆန်ပြုတ်ထဲ အချိုဓာတ်ကလေး နည်းနည်းစိမ့်ဝင်နေအောင် သကြားထည့်ပါမယ်။ သကြားကတော့ ဆန်ပေါင်းအိုးဆန်ချိန်ခွက်နဲ့ တစ်ဘူးကို သကြား ထမင်းစားဇွန်း နဲ့ ၁ ဇွန်းနှုန်းလောက် ထည့်လိုက်ရင် အတော်ပါဘဲ။ နို့ဆီဘူးနဲ့ဆို
ဆန်နို့ဆီဘူးတစ်ဘူးကို သကြား ထမင်းစားဇွန်း နဲ့ ၁ ဇွန်းခွဲလောက် ထည့်နိုင်ပါတယ်။
နို့ဆန်ပြုတ်ကျက်မှ အချိုအငံကို ကိုယ်ကြိုက်သလို ထပ်ထည့်လို့ရတဲ့အတွက် ဒီနေရာမှာ မချိန်တတ်လည်း သိပ်ပြသနာ မရှိပါဘူးနော်။
နို့ဆန်ပြုတ်ကိုလေးလေးပင်ပင်လေး ဆားလေး အနည်းငယ်လည်း ဖြည့်စွက်ထည့်ပြုတ်ပေးရပါမယ်။ ဆားလည်း အဲ့လိုဘဲ အားလုံးကျက်မှ လိုသလို ကိုယ်ထပ်ထည့်လို့ရတဲ့အတွက် ခုလို စစချင်းမှာတော့ ပါတယ်ဆိုရုံ ဆန် ပေါင်းအိုးဆန်ချိန်ခွက် ၁ ခွက်ကို လက်ဖက်စားဇွန်းအသေးလေးနဲ့ တစ်ဝက်စာလောက်ပဲ ချိန်ထည့်ပေးလိုက်ပါ။
ပြီးရင် ဆန်၊ နွားနို့၊ ဆား၊ သကြား အားလုံးနှံ့သွားအောင် ခုလို ယောက်မလေးနဲ့ သေချာ မွှေပေးလိုက်ပါ။
ပြီးရင် ထမင်းပေါင်းအိုး အဖုံးလေးပိတ်ပြီး စချက်ထားလို့ရပါပြီရှင်။ Porridge ဆိုတဲ့ ဆန်ပြုတ်ခလုတ်ပါတဲ့ ပေါင်းအိုးတွေဆိုလည်း အဲ့ ခလုတ်ကို နှိပ်ပြီး ချက်နိုင်သလို မပါတဲ့ ပေါင်းအိုးတွေဆိုလည်း ထမင်းချက်ခလုတ်ကိုပဲ နှိပ်ချက်လိုက်ပါ။
နို့ဆန်ပြုတ်က အဲ့ ခလုတ် Timing တွေကိုဘဲ အားကိုးချက်ရမှာ မဟုတ်ဘဲ ကြားထဲမှာ ပေါင်းအိုးကို ဖွင့်ဖွင့်ကြည့်ပြီး မွှေသင့်ရင်မွှေ နို့ထပ်ထည့်သင့်ရင်ထည့်ပြီး ထိန်းချက်သွားရမှာဖြစ်လို့ ခလုတ် Timing အပေါ် သိပ် အားမကိုးပါနဲ့နော် အဖုံးပိတ်တည်ရပါမယ်။ အဲ့တော့ ထမင်းပေါင်းအိုး အပြင်ဘက်ကို အငွေ့မထွက်လာမချင်း မဖွင့်ကြည့်ကြပါနဲ့ဦးလို့
ပေါင်းအိုးအပြင်ဘက်လေးကို အငွေ့လေး စထွက်လာလို့ အိုးအဖုံး ဖွင့်ကြည့်လိုက်တာနဲ့ ဆန်တွေက ခုလိုလေး ပွလာနေပါပြီ။ ဒါပေမဲ့ မနူးသေးဘူး မာဆတ်ဆတ် အနေအထားမှာပဲ ရှိနေပါသေးတယ်။
အဲ့ချိန်မှာ သာကူစေ့လေးတွေကို ကိုယ်လိုသလောက် ထည့်ပေးလိုက်ပါ။ ဆန်ထက်များအောင်တော့ မထည့်ကြနဲ့ပေါ့ ဆန် ၃ ခွက်ဆို သာကူ တစ်ခွက်လောက်ဆို အတော်ပဲရယ်။ အဲ့ သာကူတွေ အကုန် ဆန်ထဲ ဖြန့်ပြီး မြုပ်သွားအောင် မွှေရပါမယ်။
ယောက်မလေးနဲ့ အောက်က ဆန်တွေကိုရော သာကူစေ့လေးတွေကိုရော မွှေပြီး အဖုံးပိတ်ပြီး ဆက်ချက်ပေးထားလိုက်ပါ။
မီးအေးအေးလေးနဲ့ သူ့ဘာသာသူ ဆက်ချက်နေတာ ၁၅ မိနစ်လောက်နေတော့ နွားနို့လည်း မခမ်းတခမ်းဖြစ်၊ သာကူစေ့လေးတွေကလည်း ဆန်လုံးတွေကြားမှာ ပွတက်စပြုလာကြပါပြီ။
အဲ့တာကို ခဏလေး ၃ မိနစ်လောက် ဆက်တည်ပေးပြီး ထပ်ဖွင့်ကြည့်လိုက်မယ်ဆို နို့တွေက တော်တော်ခမ်းပြီး
ပျစ်နေတာကို တွေ့ရပါလိမ့်မယ်။
ဒီလို အချိန်ဆို အိုးအောက်ဖက်မှာ မကပ်သွားအောင် အပေါ်အောက် သေချာမွှေပေးရပါမယ်။ မွှေနေရင်းနဲ့လည်း အချောင်းလိုက်ဖြစ်နေတဲ့ ထမင်းသားတွေကို ကြေအောင် ဖိချေပေးပါ။ ဒါဆို ဆန်လုံးကွဲသွားပြီး နွားနို့အနှစ်နဲ့ အတူ ဆန်သားတွေလည်း ပျစ်ပျစ်လေး ဖြစ်လာပါလိမ့်မယ်။
ဒီအဆင့်မှာ အဲ့လို မဖိချေဘူးဆို နို့ဆန်ပြုတ်က ပြီးသွားတဲ့အထိ ဆန်အချောင်းလိုက်တွေနဲ့ စားမကောင်းပါဘူး။ အဲ့တော့ ဆန်လုံးကွဲသွားအောင် ထမင်းမွှေဇွန်းနဲ့ ရသလောက် မွှေရင်း ချေရင်း မွှေရင်း ချေရင်း လုပ်ပေးလိုက်ပါ။
မွှေပြီးရင် ကိုယ့်နို့ဆန်ပြုတ်ရဲ့ အချိုအငံလေးနည်းနည်းမြည်းပါ…သီဟိုဠ်စေ့၊ စပျစ်သီးခြောက် နဲ့ ကိုယ်လိုတယ်ထင်သလောက် သကြား၊ ဆားတို့ကိုပါ ဒီအဆင့်မှာ ထပ်ထည့်နိုင်ပါတယ်။
နေမကောင်းတဲ့သူကို ကျွေးမယ်ဆိုရင်တော့ အချိုလျှော့ထည့်ကျွေးတာကောင်းပါတယ်။ ဒါမဲ့ ကိုယ်က အချိုပွဲတစ်ခုအနေနဲ့ စားချင်တယ်၊ နို့ဆွမ်းလေးလုပ်လှူချင်တာမျိုးဆိုရင်တော့ အချိုလေးကဲတာက ပိုပြီး သင့်တော်ပါတယ်ရှင်
ပြီးရင် အားလုံးရောသမအောင် ပြန်မွှေပြီး အဖုံးလေးအုပ်ပြီး နောက်ဆုံးအနေနဲ့ ၁၀ မိနစ်လောက် ဆက်ချက်ထားလိုက်ပါမယ်။
စပျစ်သီးခြောက်၊ သီဟိုဠ်စေ့လေးတွေလည်း အပြင်သားပျော့သွားပြီး နွားနို့အဆီအနှစ်အတိနဲ့ ပြည့်ဝနေတဲ့ စားကောင်းလှပါသော
“နို့ဆန်ပြုတ်” လေးကို ရရှိသွားမှာ ဖြစ်ပါတယ်နော်
