Covid third wave ပြန်ဖြစ်လာတော့ ကိုယ့်ကိုယ်ကိုပဲဂရုစိုက်နိုင်မှဖြစ်တော့မယ်။ ကိုယ့်မိသားစုအားလုံးကျန်းမာပြီး ကိုယ်ခံအားကောင်းနေမှ ဒီရောဂါကိုတိုက်ထုတ်နိုင်မှာမို့ ဒီနေ့ဗမာကြက်တစ်ကောင်လုံးနဲ့ ကိုယ်ခံအားမြှင့်တင်ပေးနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေထည့်ပြီး တအိမ်လုံးအားရှိအောင် Soup လေးချက်ပေးဖြစ်ပါတယ်။
ထည့်သုံးထားတဲ့ပါဝင်ပစ်စည်းများ
ဗမာကြက် ၁ကောင်
မုန်လာဥနီ
မုန်လာဥဖြူ
ပြောင်းဖူး
ရှီတာကီမှို (မတည့်ရင်မထည့်ပါနှင့်)
ကြက်သွန်ဖြူ၊ ကြက်သွန်နီ
ဂျင်း၊ စပါးလင်
ကြက်သွန်မြိတ်
ဆား၊ ငရုတ်ကောင်းမှုန့်
ဂျင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်
ပြုလုပ်နည်း
အာဟာရပိုရှိအောင် ဗမာကြက်ကိုပဲသုံးထားပါတယ်။ စွတ်ပြုတ်အရည်ကြည်အောင်လို့ ပထမဦးဆုံးကြက်ကို ရေနွေး ၂မိနစ်လောက်စိမ်ပြီးဆေးပေးပါတယ်။ ဂျင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ဆားတို့နဲ့နယ်ပါတယ်။
အိုးထဲကို နယ်ထားတဲ့ကြက်သားထည့်ပြီး ဂျင်းပြားအနည်းငယ်၊ ဓားပြားရိုက်ထားတဲ့ စပါးလင်ထည့်ပြီး ရေအသားတဝက်လောက်ပဲထည့်ပြီး မီးအေးအေးနဲ့ နာရီဝက်လောက်တည်ပေးပါတယ်။
ပြီးမှ ကြက်သွန်နီ ၃လုံးကို အလုံးလိုက်ထည့်ပါမယ်။ ကြက်သွန်ဖြူ ၂လုံးကို အပေါ်ယံအခွံကြမ်းပဲခွာပြီးထည့်ပေးပါတယ်(အိမ်မှာအလုံးလိုက်မရှိတော့လို့ အခြမ်းကိုပဲသုံးထားပါတယ်)။ ကြက်သွန်မြိတ်နဲ့ ငရုတ်ေကာင်းကိုပဲချန်ပြီး ကျန်ဟင်းသီးဟင်းရွက်တွေထည့်ပါတယ်။ ထည့်သုံးတဲ့ Vegeတွေကိုလည်း အတုံးကြီးကြီးတွေတုံးပေးပါတယ် ပြုတ်ရည်ထဲပျော်ဝင်သွားရင် အရည်နောက်သွားမှာစိုးလို့ပါ။
အချိုအတွက် ဘာမှထပ်ထည့်စရာမလိုပါဘူး ကြက်ရဲ့အချိုရယ်ထည့်သုံးထားတဲ့ဟင်းသီးဟင်းရွက်တွေရဲ့အချိုနဲ့အရမ်းအရသာရှိပါတယ်။ အရသာပေါ့ရင် ဆားထပ်ထည့်ပါ။ မီးအေးအေးနဲ့ပဲ ၁နာရီလောက်ထပ်တည်ထားပြီးမှ ငရုတ်ကောင်းနဲ့ ကြက်သွန်မြိတ်ထည့်ပေးလိုက်ရင် ရပါပြီ။
