Long COVID ဆိုတာဘာလဲ။
COVID 19 ဖြစ်ပွားသူတွေအများစုဟာ ၂ပတ်ကနေ ၄ ပတ်အတွင်း ရောဂါလက္ခဏာတွေ သက်သာလေ့ရှိကြပါတယ်။ တချို့ မှာတော့ ၄ ပတ်ကျော်၊ တချို့မှာတော့ ၃ လကျော်သည်အထိ ရောဂါလက္ခဏာအချို့ကို ဆက်လက် ခံစားရနိုင်ပါတယ်။ ဒါကို “long-COVID,” “chronic COVID-19,” or”post-COVID syndrome.” လို့ ခေါ်ကြပါတယ်။
Long COVID မှာ ဘာတွေ စားရလေ့ရှိလဲ?
COVID 19 ရောဂါခံစားရချိန်မှာ အောက်စီဂျင်လို့တဲ့သူတွေ၊ အသက်ရှုစက်တပ်ခဲ့ရတဲ့သူတွေက long COVID ကို ခံစားရလေ့ရှိပါတယ်။ အသက်အန္တရာယ်မှ လွန်မြောက်သက်သာလာပြီးနောက်ပိုင်းမှာ ရောဂါလက္ခဏာတချို့က အချိန်အတန်ကြာ ဆက်ရှိနေတာမျိုးပါ။
- ပင်ပန်းနွမ်းလျခြင်း
- အသက်ရှုရ ခက်ခဲနေခြင်း
- ရင်ဘတ် မသက်မသာဖြစ်ခြင်း
- ချောင်းဆိုးခြင်း စတာတွေကို အချိန်အတိုင်းအတာတစ်ခုအထိ ခံစားနေရတတ်ပါတယ်။
တချို့မှာ အနံ့ပျောက်တာ၊ အရသာပျက်တာ၊ ခေါင်းကိုက်တာ၊ နှာရည်ယိုတာ၊ အစားအသောက်ပျက်တာ၊ အဆစ်နာ ကြွက်သားနာတာမျိုးတွေလည်း အချိန်အတော်ကြာ ဆက်ရှိနေတတ်ပါတယ်။ အိပ်မပျော်ခြင်း၊ စိုးရိမ်သောကများခြင်း၊ စိတ်ဓာတ်ကျခြင်းတို့လည်း ရှိတတ်ပါတယ်။
Long COVID ကို ဘယ်လိုကုမလဲ။
ကုသမှုကတော့ တစ်ဦးနှင့်တစ်ဦးမတူပါဘူး။ ခံစားရတဲ့ရောဂါလက္ခဏာအပေါ်မူတည်ပြီး ဆေးပေးရပါတယ်။
၁။ အရမ်းပင်ပန်းနေ၊ နုံးချိနေလျှင်- ပြည့်ပြည့်ဝ၀ အနားယူပါ။
- နာလန်ထခါစ အလုပ်ပြန်လုပ်မည်ဆိုလျှင် မိမိနိုင်သည့်ဝန်ကိုသာ ထမ်းပါ။ အပြင်းအထန် မလုပ်ပါနှင့်။ အနားယူချိန်ရှိပါစေ။
- စိတ်ခွန်အား၊ လူခွန်အား အပြည့်ထည့်ရမည့် အလုပ်များကို မနက်ခင်းပိုင်းတွင်လုပ်တာက သင့်ကို အားပိုဖြစ်စေပါတယ်။
၂။ အိပ်မပျော်လျှင်
- စောစောအိပ် စောစောထသည့်အကျင့်ကို ကျင့်ပါ။
- အိပ်ချိန်မှန်ပါစေ။
- ညအိပ်ရာဝင်ခါနီး ကော်ဖီ လက်ဖက်ရည်သောက်တာ၊ ဖုန်းသုံးတာ၊ ကွန်ပျူတာကြည့်တာတွေကို ရှောင်ပေးပါ။
၃။ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်ညောင်းကိုက် နာကျင်နေခြင်းများအတွက် နီးစပ်ရာ ဆရာဝန်ထံမှ အကြံဉာဏ်ရယူပါ။
၄။ နှလုံးကျန်းမာဖို့ ကာယလေ့ကျင့်ခန်းများလုပ်ခြင်း၊ အစားအသောက် ဂရုတစိုက်စားခြင်း (ချိုလွန်းသော၊ ငန်လွန်းသော၊ အဆီများလွန်းသော အစားအစာများရှောင်ပါ။)၊ ဆေးလိပ်သောက်သူဖြစ်ပါက ဆေးလိပ်ဖြတ်ခြင်းတို့ ပြုလုပ်ရပါမယ်။
၅။ အဆုတ်ပြန်လည် သန်စွမ်းလာဖို့အတွက်ကတော့ အဆုတ်ရဲ့ လေဝင်လေထွက်အားကို မြင့်တင်ပေးမယ့် အသက်ရှုလေ့ကျင့်ခန်းများ (ဥပမာ- အားဖြင့် ဖြည်းဖြည်းချင်းရှုသွင်းရှုထုတ်သည့် deep breathing practice) ကို ဆက်လက်လုပ်ဆောင်နေသင့်ပါတယ်။
၆။ စိုးရိမ်ပူပန်မှုများနေပါက (သို့မဟုတ်) စိတ်ဓာတ်ကျနေပါက စိတ်ကျန်းမာရေးဆိုင်ရာ အကြံပေး page များမှ ဆရာဝန်များ၊ စိတ်ကျန်းမာရေးဆိုင်ရာ ပညာရှင်များထံမှ အကြံဉာဏ်ရယူပါ။ ခက်ခဲကြမ်းတမ်းတဲ့ ခရီးကိုဖြတ်ကျော်ပြီး အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ပြီးပြီ။ ဒီအချိန်မှာမှ စိတ်မပျက် အားမလျော့ပဲ အမြန်နာလန်ထူနိုင်ဖို့ ခွန်အားအပြည့်နဲ့ ရုန်းထပါ။
ရေးသားသူ Dr. ဖြိုးဇော်အောင်

